spot_img
15.3 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မှာ Karenni Culture Learning Center ဖွင့်ပွဲပြုလုပ်၊ အခမ်းအနားကို မယ်ဟောင်ဆောင်ခရိုင်ဝန်ကြီး တက်ရောက်

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မှာ Karenni Culture Learning Center ဖွင့်ပွဲပြုလုပ်၊ အခမ်းအနားကို မယ်ဟောင်ဆောင်ခရိုင်ဝန်ကြီး တက်ရောက်

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင် ၊ ဘန့်နိုင်းစွိုင် ကျေးရွာ၊ Ban Nai Soi Community Learning Center ( ဘန့်နိုင်းစွိုင် လူထုဗဟိုကျောင်း ) မှာ ပြုလုပ်တဲ့ Karenni Culture Learning Center ၊ Ban Nai Soi Karenni Lifestyle ၊ Community Enterprise၊ Karenni Lifestyle Studio ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး မယ်ဟောင်ဆောင်ခရိုင်ဝန်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။

ကရင်နီမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုကို မြှင့်တင်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို မည်သူမဆို လာရောက်လေ့လာနိုင်အောင် စင်တာဖွင့်လှစ်တာဖြစ်တယ်လို့ Ban Nai Soi Community Learning Center (BNSCLC) ကျောင်းတာဝန်ခံဖြစ်သူ ဆရာမရိုစီက ကန္တာရဝတီတိုင်း ( မ် ) ကိုပြောပါတယ်။

“ Karenni Culture Learning Center ဖွင့်ရတဲ့ရည်ရွယ်ချက်က ရိုးရာယဉ်ကျေးမှုကို မြင့်တင်ဖို့၊ ဖြန့်ဝေဖို့ ထိန်းသိမ်းဖို့။ ဆိုတော့ ထိုင်းနိုင်ငံက ပြည်သူလူထုတွေပဲဖြစ်ဖြစ် အဖွဲ့အစည်းပဲဖြစ်ဖြစ် လာလေ့လာလို့ရတယ်။ ဒါ့အပြင် ကရင်နီလူမျိုးတွေ ပြင်ပမှာနေတဲ့သူတွေလည်း လာလေ့လာလို့ရတယ်။ ရိုးရာပစ္စည်းတွေ ရောင်းလို့ရနိုင်တဲ့ပစ္စည်းတွေလည်း ရှိပေးထားတယ်။ အကယ်၍ ညီအစ်ကိုမောင်နှမတွေလည်း ပစ္စည်းလာထားရောင်းလို့ရတယ်ပေါ့နော။ ဒီဝင်ငွေတွေက ကျောင်းသူကျောင်းသားတွေ ပညာတွေ ဆက်ပြီးပို့ချနိုင်အောင် Karenni Lifestyle Studio လည်းရှိတယ်။ ဓါတ်ပုံရိုက်မလား ကရင်နီရဲ့ပစ္စည်းတွေဝယ်မလား ပြတိုက်လို့ ပြောရမှာပေါ့။ Karenni Culture Learning Center က မရှိသေးဘူးပေါ့ ဆိုတော့ ဒီထဲမှာပဲလာရင်လေ တစ်နေရာထဲ အားလုံးစုံသွားအောင်ပေါ့နော။”လို့ ဆရာမရိုစီက ဆိုပါတယ်။

ကရင်နီမျိုးနွယ်စုအသီးသီးရဲ့ ရိုးရာယဉ်ကျေးမှု ၊ ဓလေ့ ၊ လူနေမှုဘဝ ၊ ရိုးရာအသုံးအဆောင်ပစ္စည်း ၊ လက်မှုပစ္စည်း၊ ရိုးရာအစားအသောက်တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။

အခုလို ကရင်နီရိုးရာယဉ်ကျေးမှုလေ့လာရေးစင်တာကို ပြခန်းလို ဖွင့်လှစ်နိုင်ဖို့ ၁၅နှစ်ကြာ အချိန်ယူခဲ့ရပြီး ထိုင်းရိုးရာယဉ်ကျေးမှုဌာန ၊ ပညာရေးဌာန ၊ ခရိုင်ဝန်ကြီး နဲ့ မိတ်ဖက်အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဆရာမရိုစီက ပြောဆိုထားပါတယ်။

“ကျမက ထိုင်းနိုင်ငံက သူတွေပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေဖြစ်ဖြစ် အစိုးရဌာနဆိုင်ရာပဲဖြစ်ဖြစ် ပြည်ပနိုင်ငံက ဖြစ်ဖြစ်ပေါ့နော၊ ပြခန်းက ဒီလိုပဲရိုးရိုးပြခန်းပဲမဟုတ်ဘူး ရက်ကန်းရက်ဖို့လား ကရင်နီအသုံးအဆောင်ပစ္စည်းတွေလုပ်ဖို့လား ကရင်နီရဲ့ လူနေမှုဘဝပဲဖြစ်ဖြစ် ဒီထက်မက ကရင်နီတိုင်းရင်းသားနဲ့ ပတ်သက်မယ်ဆိုရင် ဒီကိုလာပါပေါ့နော ကြိုဆိုပါတယ်။ ကိုယ်လာလည်ပြီး ပြီးသွားတာမဟုတ်ဘူး။ ကိုယ်ပစ္စည်းဝယ်ပြီး ပုံရိုက်သွားရင်လည်း ဒီဝင်ငွေတွေကလည်း ကိုယ့်လူမျိုးတွေကို ပြန်ကူဖို့တစ်ဖက်တစ်လမ်းဖြစ်တယ်။” လို့ သူက ဆိုပါတယ်။

ဒီကနေ့မှာပြုလုပ်တဲ့ Karenni Culture Learning Center ဖွင့်ပွဲကို ခရိုင်ဝန်ကြီးအပြင် ထိုင်းအစိုးရ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူတွေလည်း တက်ရောက်အားပေးခဲ့ပြီး အခမ်းအနားမှာတော့ ကရင်နီရိုးရာအကနဲ့ဖျော်ဖြေတင်ဆက်တာ ၊ မိန့်ခွန်းပြောကြားတာ ၊ အမှာစကားပြောကြားတာ ၊ လက်ဆောင်ချီးမြှင့်တာ ၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးတာ စတဲ့အစီအစဉ်တွေဆောင်ရွက်ခဲ့ကြပါတယ်။ အခမ်းအနားပြီးတဲ့နောက်မှာတော့ ရိုးရာလက်မှုပစ္စည်းတွေ၊ အသုံးအဆောင်တွေ ခင်းကျင်းပြသထားတဲ့ပြခန်းကို လှည့်လှည်ကြည့်ရှုခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ