spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းလေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၊ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှု နဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ဖေဖော်ဝါရီလ ၅ ရက် မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၆ ဦးကတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀)တပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ အသက် ( ၃၁ )နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးတစ်ဦး ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာက အသက်၄၀ ကျော် အမျိုးသမီးတစ်ဦး တို့ ဖြစ်ပါတယ်။

လူထိခိုက်သေဆုံးမှုအပြင် စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူထုရဲ့အိုးအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် တစ်လအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းကို လက်နက်ကြီး ၅ကြိမ်ထက်မနည်း စစ်ကောင်စီအခြေစိုက် တပ်ရင်းက ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၁၂လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ပြီး ကျေးရွာအပြင်ဖက်ကို ကျရောက်ခဲ့တာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

“စိုးရိမ်တာပေါ့။ ကျနော်ရဲ့အိမ်သူအိမ်သားတွေကလည်း လက်နက်ကြီးသံကြားတော့ ဘာလုပ်ရ ဘာကိုင်ရမှန်းမတော့ဘူး။ ဘုရားသခင်ရှိတယ်လို့ ဒါမျိုးပဲပြောလိုက်တော့တယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်၊ ဖယ်ခုံ၊ မိုးဗြဲဖက်တွေမှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေယာဉ်၊ ဒရုန်းတွေကို အသုံးပြုတိုက်ခိုက်နေပြီး မိုးဗြဲနဲ့ ဖယ်ခုံအပြင် အနီးနားက ကျေးရွာတွေ ၊ စစ်ရှောင်စခန်းတွေဆီကိုလည်း စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည် နဲ့ အလယ်ကယန်းဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ( ၁၇၈၈ )ကြိမ်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ