Homeသတင်းLoikaw Local PDF က အခြေခံ စစ်သင်တန်း အပတ်စဉ် (၂)အတွက် တပ်သားသစ်ခေါ်ယူ

Loikaw Local PDF က အခြေခံ စစ်သင်တန်း အပတ်စဉ် (၂)အတွက် တပ်သားသစ်ခေါ်ယူ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့အတွက် အခြေခံစစ်သင်တန်း အပတ်စဉ် ( ၂ ) သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကစပြီး တပ်သားသစ် စတင်ခေါ်ယူနေပြီလို့ လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ( Loikaw Local PDF ) က အသိပေးပါတယ်။

စစ်အာဏာရှင်စနစ်ကို အတူတကွ တွန်းလှန်သွားမယ့် သူတွေကို စီစစ်လက်ခံသွားမယ်လို့ Loikaw Local PDF တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“တပ်သားသစ်ခေါ်ယူတာ ဆိုတာ လွိုင်ကော်ကို ဦးစားပေး ခေါ်သွားမယ်။ လွိုင်ကော်မှာရှိတဲ့ တပ်သားသစ်တွေ ကျနော်တို့နဲ့အတူ ပူးပေါင်းတိုက်ထုတ်မယ့်သူတွေကို ကျနော်တို့ ဦးစားပေးခေါ်မယ်။ သို့ပေမယ့်လည်း တခြား မြို့နယ်က လူတွေက ကျနော်တို့နဲ့အတူ တော်လှန်ပြီး‌တော့ တိုက်ထုတ်ချင်ပါတယ်ဆိုတဲ့သူတွေ ရှိရင်လည်း ကျနော်တို့ စီစစ်ပြီးတော့ လက်ခံသွားမယ်။ တပ်သားသစ် ဦးရေကိုတော့ ကန့်သတ်ထားတာ မရှိဘူး။ နေ့စွဲကိုလည်း ကန့်သတ်ထားတာမရှိဘူး”လို့ Loikaw Local PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ကင်းလွတ်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးတစ်ရပ်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

Loikaw Local PDF အနေနဲ့ စစ်ကောင်စီတပ်စွဲတဲ့နေရာကို တိုက်ခိုက်သွားမှာဖြစ်သလို တပ်ခွဲအဆင့် ထပ်မံတိုးချဲ့မှာဖြစ်ပြီး ကျွမ်းကျင်တဲ့ စစ်ရေး ၊ နည်းဗျူဟာ ပိုင်းမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

လျှောက်ထားမယ့် တပ်သားသစ်တွေအနေနဲ့ အသက် ၁၈ နှစ်မှ ၃၅ အတွင်းဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ၊ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွယ်မှုမရှိသူ ၊ Loikaw Local PDF မှာ အနည်းဆုံး ၂နှစ်တာဝန်ထမ်းဆောင်နိုင်သူ ၊ လက်နက်ကိုင်တော်လှန်ရေး နဲ့ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးမှာ စိတ်အားထက်သန်မှုရှိသူ ၊ ချမှတ်ထားတဲ့ မူဝါဒ နဲ့ စည်းကမ်းလိုက်နာသူတွေ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် စစ်ကောင်စီ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း Loikaw Local PDF ကနေ တပ်သားသစ်ခေါ်ယူခဲ့တာ ရှိပါတယ်။ Loikaw Local PDF ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကနေ ပြောင်းလဲဖွဲ့စည်းထားတာဖြစ်ပြီး တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ