spot_img
23.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းရေရှားဒေသက စစ်ဘေးရှောင်တွေ ရေခပ်ယူရေး အဆင်ပြေစေဖို့ 7 Stars Youth က မော်တာစက် တပ်ဆင်ပေး

ရေရှားဒေသက စစ်ဘေးရှောင်တွေ ရေခပ်ယူရေး အဆင်ပြေစေဖို့ 7 Stars Youth က မော်တာစက် တပ်ဆင်ပေး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တစ်နေရာမှာ နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ရေလာရောက်ခပ်ယူတဲ့အခါ အဆင်ပြေစေဖို့ ရေစုပ်တင်တဲ့ မော်တာစက်ကို စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ 7 Stars Youth အဖွဲ့က တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။

မော်တာစက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်တပ်ဆင်ကာ လည်ပတ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တွေအပြင် ဒေသခံတွေပါ ရေလာရောက်ခပ်ယူရာမှာ အဆင်ပြေနိုင်စေဖို့အတွက် အခုလို ပြုလုပ်ပေးရခြင်းဖြစ်တယ်လို့ 7 Stars Youth မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“ အခုလက်ရှိ ဒီးမော့ဆိုရှေ့ဘက်ခြမ်း တခြမ်းလုံးအတွက် ရည်ရွယ်ပြီးတော့ အခုလို လုပ်ပေးရခြင်းဖြစ်တယ်။ ဘာကြောင့်လည်းဆိုရင် နွေရာသီရောက်ပြီဆို အများအားဖြင့် စစ်ရှောင်တွေ ရေလာခပ်ကြတယ်။ သူတို့အတွက်အဆင်ပြေ ချောမွေ့အောင်ပေါ့”လို့ သူက ပြောပါတယ်။

ရေစုပ်တင်တဲ့ မော်တာစက် အသုံးပြုကြသူတွေကို ငွေကြေးတောင်းခံမှုမရှိဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် ရေရှည်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဒီဇယ်တွေကို လှူဒါန်းပေးဖို့ အလှူရှင်လိုအပ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်ဦးရေ ရှစ်ထောင်ကျော်ရှိပြီး ပြန့်ကျဲနေထိုင်ကြတာပါ။ ရေအရင်းအမြစ်ရှိရာနဲ့ ဝေးတဲ့ နေရာဒေသတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ရေရှားပါးမှုကို နွေရာသီမှာ နှစ်စဉ်ကြုံတွေ့နေရတာကြောင့် 7 Stars Youth အဖွဲ့အနေနဲ့ ရေဖြန့်ဝေမှုရှိတယ်လို့ သိရပါတယ်။

“နွေရာသီဆို ရေက ရွာထဲမရောက်နိုင်တော့ဘူးပေါ့နော်။ သွားခပ်ရတာလည်းဝေးတယ်။ ပြီးရင် ရေကလည်း သိပ်ပြီးမရှိတော့ဘူး နွေရာသီလောက်ဆိုရင်။ လာလှူပေးတဲ့အလှူရှင်တွေကလည်း ဝေးဝေးမှ တခါပဲ လာပေးတာနိုင်တာမျိုးကြ‌တော့ အခက်အခဲတွေ ရှိတယ်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ နွေရာသီရေရှားပါးမှု အခက်အခဲကို အခုလိုပဲ ပြောပါတယ်။

နွေရာသီရောက်ရှိတိုင်း ကရင်နီပြည်က မြို့နယ်အများစုမှာ ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့နေရတာကြောင့် အခက်အခဲတစ်ခုဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ