spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်

ကရင်နီဒုက္ခသည်စခန်းမှာ သန္ဓေတားဆေး ပြတ်လပ်တော့မည်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) က မျိုးဆက်ပွားကျန်းမာရေး နှင့် ကလေးကျန်းမာရေး စောင့်ရှောက်ရေးဆေးခန်းမှာ သန္ဓေတားဆေး၊ ထိုးဆေးတွေကို ဖေဖော်ဝါရီလကုန်အထိသာ ရယူနိုင်ပြီး နောက်ပိုင်းမှာ ပြတ်လတ်နိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့စလို့ ရက်ပေါင်း ၉၀ အတွင်း အမေရိကန်အစိုးရရဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့အသုံးစရိတ်ကို ယာယီရပ်ဆိုင်းထားတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ယာယီဆိုင်းငံ့ထားတာပါ။ သန္ဓေတားဆေးမှီဝဲသုံးစွဲနေတဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးတွေအတွက် ဒီလကုန်အထိသာ ဝန်ဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ သန္ဓေတားဆေးပေါ့ Family planning ဆေးတွေပေါ့ အဲ့ဒီဆေးတွေက မရှိတော့တာ မပါတော့တာ Key Activity ထဲမှာမပါတော့တဲ့အတွက်ကြောင့်။ ကျမတို့ဆီမှာက ဆေးလာထိုးတာ ၊ ဆေးလာစားတာက ၊ တစ်လတစ်လဆိုရင် တော်တော်များတယ်။ ၂၀၀ ကျော်လောက်ရှိတယ်။ အခုက ၂၀၀ ကျော်က သူတို့က ဆေးမရှိတော့ဘူးဆိုရင် သူတို့နည်း သူတို့ဟန်နဲ့ ရှာရမှာပေါ့။ မရှာရင်တော့ ကိုယ်ဝန်ဆောင်နှုန်းတွေ ပိုမြင့်လာမယ် အဲ့လိုတော့ရှိတာပေါ့ နောက်ဆက်တွဲတွေက။”လို့ နော်ခူဖောက ပြောပါတယ်။

ယခင်က မိသားစုစီမံကိန်းခေါင်းစဉ်အောက်ကနေ ကိုယ်ဝန်သန္ဓေတားဆေး(ထိုးဆေး/စားဆေး) နဲ့ သားဆက်ခြားနည်းတွေကို ပြုလုပ်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ အဲ့ဒီလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်။ လစဉ် ပုံမှန် မှီဝဲနေတဲ့ စားဆေး၊ ထိုးဆေး ၊ အကာအကွယ်ပစ္စည်းကို မျိုးဆက်ပွားကျန်းမာရေး နှင့် ကလေးကျန်းမာရေးစောင့်ရှောက်ရေးဆေးခန်းမှာ လာရောက်ယူကြတာဖြစ်ပါတယ်။

ဒုက္ခသည်စခန်း အမှတ် (၁) ဆေးခန်းက အမျိုးသမီးလူဦးရေ ၂၀၀ ကျော် က သန္ဓေတားဆေးတွေကို အခမဲ့ အသုံးပြုနေကြပြီး ဆေးပြတ်လပ်သွားပါက မိမိတို့အစီအစဉ်နဲ့သာ ဝယ်ယူရမှာဖြစ်တာကြောင့် ငွေကြေးကုန်ကျမှုပိုများနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC) လက်အောက်က ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း အားလုံးကို ယာယီရပ်ဆိုင်းလိုက်ပေမယ့် လိုအပ်ချက်အရ ကရင်နီဒုက္ခသည်စခန်းက ဆေးခန်းကို လတ်တလောမှာ တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ထားပါတယ်။ အရေးကြီးလူနာနဲ့ အရေးပေါ်လူနာတွေကို အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာလည်း ရှိပါတယ်။ သို့ပေမယ့် တစ်ပတ်လျှင် တစ်ကြိမ်သာ ဆေးဝါးကိုအကန့်အသတ်နဲ့သာ ပေးဝေထားတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဆေးခန်းအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတောင်းခံထားသလို ကရင်နီကျန်းမာရေးဝန်ကြီးဌာနကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်လျက်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ