spot_img
27.8 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းအခက်အခဲဖြစ်နေတဲ့ သတင်းသမားတွေကို IPCM အရေးပေါ် အကူအညီ ထောက်ပံ့ပေးမည်

အခက်အခဲဖြစ်နေတဲ့ သတင်းသမားတွေကို IPCM အရေးပေါ် အကူအညီ ထောက်ပံ့ပေးမည်

-

ကန္တာရဝတီတိုင်း ( မ် )

အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်လာတဲ့ သတင်းသမားတွေကို အရေးပေါ် အကူအညီထောက်ပံ့ပေးမယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဒီကနေ့ မတ်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက်က လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကို
ရပ်ဆိုင်းလိုက်တာကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထိခိုက်လာတဲ့အပြင် လွတ်လပ်တဲ့ သတင်းမီဒီယာ ဌာနတွေကိုလည်း ထိခိုက်လာပါတယ်။

USAID အကူညီကို ရယူနေတဲ့ မီဒီယာတိုက်တွေ၊ အလွတ်တန်း သတင်းသမားတွေဟာ ဆက်လက်ရပ်တည်ဖို့ အခက်အခဲတွေ အနည်း နဲ့ အများ ကြုံလာတယ်လို့ IPCM ဥက္ကဌ နန်းဖော့ဂေက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ဒီလိုမျိုးနည်းတဲ့ကြားကနေ ဖြတ်သွားတယ်ဆိုတော့ အများကြီးကြပ်တည်းသွားတယ်။ ဒါကြောင့်မို့လို့လည်း IPCM က အတတ်နိုင်ဆုံးကြိုးစားပြီးတော့ အရေးပေါ်ကူညီမှု ရန်ပုံငွေလေးကို ရသလောက်လေး ပံ့ပိုးချင်လို့ ဒီလိုထုတ်ပြန်ကြေငြာရခြင်းဖြစ်တယ်” လို့ IPCM ဥက္ကဌ နန်းဖော့ဂေက ပြောပါတယ်။

အကူအညီရယူလိုတဲ့ သတင်းသမားတွေအနေနဲ့ IPCM က ထုတ်ပေးတဲ့ဖောင်ကို ဖြည့်စွက်ရမှာ ဖြစ်ပြီး သတင်းသမားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အရ IPCM က တတ်နိုင်မယ့် ငွေကြေး အထောက်အပံ့ကို ပေးအပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ အကူညီတွေ ရပ်ဆိုင်းသွားတာကြောင့် အဲ့ဒီအကူအညီကို ရယူနေတဲ့ သတင်းတိုက်တွေမှာ ငွေကြေးဆိုင်ရာ အခက်အခဲကြုံလာရပြီး မီဒီယာတိုက်တချို့မှာ လစာလျော့နည်းသွားတယ်လို့လည်း တိုက်အမည်အဖော်လိုတဲ့ မြန်မာ သတင်း‌ထောက်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“တချို့သတင်းသမားတွေဆို အလုပ်ရပ်သွားတယ်။ ဘာမှမရတော့တဲ့အထိ ဖြစ်တယ်လို့ အမကြားတယ်ပေါ့နော။ အဓိက freelance (အလွတ်တန်းသတင်းထောက်) တွေပေါ့နော။ freelance တွေက အရင်ကတည်းကနေပြီးတော့ ပုဒ်စား(သတင်းအပုဒ်ရေ) နဲ့သွားတာပေါ့နော။ ဘယ်လောက်မှလည်းမရဘူး ဘတ် ၁၀၀ ပဲရတယ်။ အဲ့ဒါ ဒီလိုဖြစ်သွားတဲ့ နောက်ပိုင်း freelance တွေအတွက် တော်တော်ကိုခက်ခဲမယ်။ ဘတ် ၁၀၀ ပဲရတဲ့ဟာကလည်း မရနိုင်တော့တဲ့ အခြေနေတွေရှိတယ်” လို့ သူက ပြောပါတယ်။

ကနဦးကြားသိရတုန်းက ဆိုင်းငံ့လိုက်တယ်လို့ ပြောတဲ့ USAID အကူအညီက လက်ရှိမှာတော့ လုံးဝရပ်တန့်လိုက်ပြီလို့ ကြားသိရတာကြောင့် အကူညီ ပြန်ရဖို့အတွက်လည်း မျှော်လင့်ချက်မရှိဘူးလို့ IPCM ဥက္ကဌ နန်းဖော့ဂေက ဖြည့်စွက်ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ