spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုအနောက်ဖက်ခြမ်းက ဒေသထွက် ငရုတ်သီးဈေး ပြီးခဲ့တဲ့လထက် ကျဆင်း ၊ အခက်အခဲကြုံရတယ်လို့ ရောင်းဝယ်သူတွေပြော

ဖရူဆိုအနောက်ဖက်ခြမ်းက ဒေသထွက် ငရုတ်သီးဈေး ပြီးခဲ့တဲ့လထက် ကျဆင်း ၊ အခက်အခဲကြုံရတယ်လို့ ရောင်းဝယ်သူတွေပြော

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့လတွေထက် ဒေသထွက်ငရုတ်သီးဈေး ကျဆင်းလာတာကြောင့် ငရုတ်သီးရောင်းဝယ်သူတွေအတွက် အခက်အခဲကြုံရတယ်လို့ ငရုတ်သီးရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

“အရင်လကဆိုရင် အညှာချွေက ဒီမှာဝယ်ရင် ၄၀၀၀၀ သွားပို့ရင်တော့ ၄၂၀၀၀၊ အညှာနဲ့က ဒီမှာဝယ်ရင် ၃၀၀၀၀ သူတို့က ၃၂၀၀၀ အဲ့လိုမျိုးပြန်ပေးတယ်။ ၁၀၀၀၊ ၂၀၀၀ အဲ့လိုမျိုး အကျိုးမြတ်တယ် ဒါပေမယ့် ဒီတစ်လတော့ ဘာကြောင့်လည်းတော့မသိဘူး။ လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့်လား ဒါမှမဟုတ် ဘာကြောင့်လဲတော့ မသိဘူး။ အဲ့ဒါ ဈေးကတော့ လုံးဝကို ကျသွားတယ်ပြောရမှာပေါ့နော။ အညှာချွေကို ၃၅၀၀၀ တဲ့ ပြီး အညှာနဲ့က၂၅၀၀၀ ဆိုတော့ ဝယ်လက်တွေကတော့ တော်တော်လေးကို အခက်ခဲကြုံလိုက်ရတာပေါ့နော။”လို့ ငရုတ်သီးရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။

ငရုတ်သီးဈေးကျလာတာကြောင့် ပြီးခဲ့တဲ့လတွေက ဝယ်စုထားတဲ့ ငရုတ်သီးကို မရောင်းထုတ်သေးဘဲ သိုလှောင်ထားတယ်လို့ ဆိုပါတယ်။ ငရုတ်သီး ပျက်စီးမှုမရှိအောင်၊ အရည်သွေးမကျသွားအောင် သေချာထိန်းသိမ်းထားရတယ်လို့ ပြောပါတယ်။

“အညှာနဲ့က အချိန် ၈၀၀၊ ၉၀၀ လောက်ရှိအုံးမယ်။ အညှာချွေကတော့ ၁၀၀ ကျော်လောက်ပဲရှိမယ်။ ဘာဖြစ်လည်းဆိုတော့ ဒီကနေပဲ စားသမားတွေက နည်းပါးလာဝယ်တာရယ်။ ၄ ၊ ၅ ၊ ၁၀ ပိဿာနဲ့ တစ်အိတ်စ နှစ်အိတ်စလာ ဝယ်တာတွေရှိတာပေါ့နော” လို့ သူက ပြောပါတယ်။

ဖရူဆိုအနောက်ဖက်ခြမ်းက ဒေသထွက်ငရုတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိကထားတင်ပို့ပြီး ပြည်နယ်အတွင်းမှာရှိတဲ့ လက်ကားဈေးဆိုင်တွေကိုလည်း တင်ပို့ရောင်းချတယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသဖက်ကို တင်ပို့ရောင်းချကြတဲ့သူကတော့ ဈေးကောင်းပိုရပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်တယ်လို့ ပြောပါတယ်။

“ကားခလည်းအများကြီးပဲကော မော်ချီးဖက်၊ ၁၄ဖက်က ဈေးကောင်းတယ်ပြောတယ်။ သွားဖူးတဲ့သူက အဲ့ဖက်သွားတော့ ဈေးပိုကောင်းတယ်လို့ပြောတယ်” လို့ ငရုတ်သီးရောင်းဝယ်သူတစ်ဦးက ဆက်ပြောပါတယ်။

ဒေသထွက် ငရုတ်သီးကို အချိတ်ဆက်ရှိတဲ့ ကုန်သည်တွေကနေ ဖရူဆိုမြို့နယ်အထိ လာရောက်ဝယ်ယူပေးပါက ဒေသခံနဲ့ ငရုတ်သီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေအတွက် ပိုအဆင်ပြေတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ဒေသထွက်သီးနှံဖြစ်တဲ့ ငရုတ်သီးအပြင် ဖာလာ ၊ နနွင်း ၊ ဝဥကို စီးပွားဖြစ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ