spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆိုမှာ WY မူးယစ်ဆေးပြား တစ်ထောင်ကျော်ဖမ်းဆီးရမိ

ဒီးမော့ဆိုမှာ WY မူးယစ်ဆေးပြား တစ်ထောင်ကျော်ဖမ်းဆီးရမိ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဒေသခံတွေရဲ့ တိုင်ကြားချက်အရ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့တုန်းက WY စိတ်ကြွရူးသွပ်ဆေးပြား တစ်ထောင်ကျော် (၁၂၄၄) ပြားကို တရားခံနှစ်ဦးဆီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီပြည်ရဲဌာန KSP တာဝန်ရှိသူ ဦးဘိုဘိုက ပြောပါတယ်။

“မတ်လ ၇ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်လောက်မှာ အမှတ် ၁၀ ရဲစခန်းက KSP အဖွဲ့ဝင်တွေနဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့က ဒီးမော့ဆိုမြို့နယ်က ကျေးရွာတစ်ရွာမှာ မူးယစ်ဆေးဝါးသတင်းအရ သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ မသင်္ကာတဲ့ တရားခံဆီကနေ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈၈ ပြားနဲ့ ပထမ တရားခံရဲ့ ပြောဆိုချက်အရ နောက်ထပ်တရားခံတစ်ယောက်ကိုသွားရှာတဲ့ချိန်မှာ မူးယစ်ဆေး ပြား ၅၆ ပြားနဲ့ မူးယစ်ဆေးဝါးရောင်းရငွေလို့ယူဆရတဲ့ မြန်မာငွေ စက္ကူရောရာ ၃၆၇၀၀၀ ကျပ်နဲ့ ဖုန်းတို့ကို ကျနော်တို့သိမ်းဆည်းရမိခဲ့ပါတယ်။” လို့ ဦးဘိုဘိုကပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရားခံနှစ်ဦးဟာ ကျေးရွာတစ်ခုထဲက ဒေသခံအမျိုးသားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

တရားခံနှစ်ဦးဆီကနေ ဆေးပြား ၁၀၀၀ ကျော်နဲ့အတူ ဖုန်း၊ မြန်မာကျပ်ငွေပေါင်း ၂၈၆၇၀၀၀ (နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းခုနှစ်ထောင်ကျပ်) နဲ့ ပထမတရားခံဆီက ပွိုင့်တူးတူး လက်လုပ် ဘီစတိုတစ်လက်၊ ပွိုင့်တူးတူး ကျည်ဆံ ၁၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပထမတရားခံတစ်ဦးကို ကရင်နီပြည်ရဲ အမှတ် ၁၀ ရဲစခန်းရဲ့ ပ၃/၂၀၂၅ မှုစိပ် ဥပဒေပုဒ်မ ၁၉(က) နဲ့ အရေးယူထားပြီး ဒုတိယ တရားခံကိုတော့ တရားစွဲဆိုဖို့ ပြင်ဆင်နေတုန်းဖြစ်တယ်လို့ ဦးဘိုဘိုက ဆိုပါတယ်။

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းတဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ကနေ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့အထိ WY စိတ်ကြွရူးသွပ်ဆေးပြား ၇၄၀၅၁ ပြား သိမ်းဆည်းရမိထားတယ်လို့ KSP သုံးနှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ