spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းကယန်းဒေသမှာ လူထုသတင်းသမားသင်တန်း အပတ်စဥ် (၃) ကို ဖွင့်လှစ်ပြီးစီး

ကယန်းဒေသမှာ လူထုသတင်းသမားသင်တန်း အပတ်စဥ် (၃) ကို ဖွင့်လှစ်ပြီးစီး

-

CJ / ကန္တာရဝတီတိုင်း ( မ် )

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက စီစဉ်ဖွင့်လှစ်တဲ့ လူထုသတင်းသမား သင်တန်း အပတ်စဉ် ( ၃ ) ကို ကယန်းဒေသတစ်နေရာမှာ ဖေဖော်ဝါရီ (၂၄) ရက်နေ့ကနေ မတ်လ (၈) ရက်နေ့အထိ (၁၃) ရက်တာ ဖွင့်လှစ်ပြီးစီးခဲ့ပါတယ်။

လူထုသတင်းသမားသင်တန်းပြီးမြောက်တဲ့ လူငယ်တွေအနေနဲ့ ကယန်းဒေသတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သတင်းရယူပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့နဲ့ အခြားသော သတင်းဌာနတွေကို သတင်းပေးပို့တာမျိုး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ်ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက လက်ထောက်တာဝန်ခံ ခွန်းအီစားကိုက ပြောပါတယ်။

“ဒီသင်တန်းကို တက်ရောက်လာတဲ့ သင်တန်းသူသင်တန်းသားတွေက ဒီသင်တန်းကနေပြီးသွားလို့ရှိရင် သူတို့ရဲ့ ရပ်ရွာဒေသမှာ ဒီအတိုင်းပြန်နေခိုင်းတာမျိုး ကျနော်တို့လုပ်မှာမဟုတ်ဘူး။ အဓိကတော့ သူတို့ ဒေသဖက်မှာ၊ ကျေးရွာမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သူတို့ကိုယ်တိုင် သတင်းရယူပြီးမှ ကျနော်တို့ မိခင်အဖွဲ့အစည်းကို ပေးပို့တာမျိုး သို့မဟုတ် ဒီတခြားသတင်းဌာနကို ပေးပို့တာမျိုး လုပ်ခိုင်းဖို့ ရှိမယ်။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီသင်တန်းကနေ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနိုင်တဲ့ လူထုသတင်းသမားတွေ ပေါ်ပေါက်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူကဆက်ပြောပါတယ်။

တော်လှန်ရေးကာလမှာ ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားတွေ၊ စစ်ရှောင်ပြည်သူထုတွေရဲ့ လူနေမှု ဘဝအခက်အခဲတွေနဲ့ နိုင်ငံရေးအကျပ်အတည်းကာလမှာ မိမိဒေသအတွင်းဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည်သူလူထုကိုယ်တိုင် မီဒီယာလမ်းကြောင်းကတစ်ဆင့် ဖော်ထုတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ခုလို သင်တန်းမျိုး ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အပတ်စဉ် (၃) လူထုသတင်းသမားသင်တန်းမှာ ကယန်းဒေသက လူထုသတင်းသမားဖြစ်ဖို့ စိတ်ပါဝင်စားတဲ့ ကယန်းလူငယ်တွေနဲ့ ကရင်နီပြည်က အခြားသောလူမျိုးစုလူငယ်တွေ အပါအဝင် လူငယ် (၁၃) ဦး တက်ရောက်ခဲ့ကြပါတယ်။

သင်တန်းမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မူအေးမူက “ကျမအနေနဲ့က အလွတ်တန်းသတင်းထောက် အနေနဲ့ ပြန်နေမယ်။ KNGY(ကယန်းမျိုးဆက်သစ်လူငယ်)ကို ပို့လို့ရရင် ကျမက KNGY ကို သတင်းတွေ ပြန်ပို့မှာပေါ့နော်။ တခြားဌာနတွေ လျှောက်လို့ရရင်လည်း တခြားဌာနကို အလွတ်တန်းအနေနဲ့ပို့မှာပေါ့နော်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ရှောင်ပြည်သူတွေကအစ အကုန်လုံးပါပဲ ကျပ်တည်းမှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေလည်း အများကြီးရှိတယ်။ အဲ့ဒီဟာတွေကို တင်ပြနိုင်ဖို့လည်း ဖြစ်တယ်ပေါ့နော်။” လို့ ဆိုပါတယ်။

သင်တန်းမှာတော့ အခြေခံဓါတ်ပုံရိုက်ကူးနည်းနဲ့ ဗီဒီယိုရိုက်ကူးနည်းတွေအပြင် အခြေခံသတင်းနဲ့ သတင်းဆောင်းပါးရေးသားနည်းတွေကို အဓိက သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

“သတင်းတွေရေးပြီးတော့ အများပြည်သူ သိအောင်၊ အားလုံးနားလည်အောင် ကျနော်တို့က ရေးသားတင်ပြပေးမှာပေါ့။”လို့ သင်တန်းတက်ရောက်ခဲ့တဲ့ ခွန်းဆီမိုးနက်က ပြောပါတယ်။

KNGY ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက စစ်အာဏာသိမ်းပြီးနောက် ကယန်းဒေသအတွင်း ယခု လူထုသတင်းသမားအပတ်စဉ် (၃)က လူငယ် ၁၃ ဦး အပါအဝင် ၂၀၂၃ ခုနှစ်မှာ လူငယ် ၁၃ ဦးနဲ့ တစ်ကြိမ် ၊ ၂၀၂၄ ခုနှစ်မှာ လူငယ် ၁၅ ဦး နဲ့ တစ်ကြိမ် လူထုသတင်းသမားအဖြစ် သင်တန်းပေးမွေးထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ