spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မြို့မှာ မတ်လအတွင်း မိုင်းနင်းမိပြည်သူ ၅ဦး ရှိပြီး ၂ဦးသေဆုံး

လွိုင်ကော်မြို့မှာ မတ်လအတွင်း မိုင်းနင်းမိပြည်သူ ၅ဦး ရှိပြီး ၂ဦးသေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့‌ပေါ်ရပ်ကွက်မှာ မတ်လအတွင်း မိုင်းနင်းမိ ပြည်သူ ၅ဦးရှိပြီး ၃ဦးထိခိုက်ဒဏ်ရာရကာ ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

“ဒီလမှာတော့ ၅ဦးလောက်ရှိမယ်ထင်တယ်။ အသက်က ၃၀ ကျော်၊ ကလေးက ၈နှစ်နဲ့ ၁၀နှစ်ဝန်းကျင် ၊ ၅၀ ဝန်းကျင်ပေါ့နော်။၂ဦးကတော့ အသက်ဆုံးရှုံးတာပေါ့နော်။ ၃ဦးကတော့ ထိခိုက်တာပေါ့။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်က နေအိမ်ခြံဝန်းတစ်နေရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ စစ်ဘေးရှောင်ပြီး နေအိမ်ကို ပြန်လာနေထိုင်သူတွေ၊ နေအိမ်သန့်ရှင်းရေး ပြန်လုပ်ကြတဲ့ ပြည်သူတွေ မကြာခဏ မိုင်းနင်းမိကြတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁လေးလုံး စစ်ဆင်‌ရေးတိုက်ပွဲကြောင့် နီးစပ်တဲ့ ရှမ်းပြည်နယ်နဲ့ တခြားနေရာဒေသကို တိမ်းရှောင်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် လွိုင်ကော်မြို့မှာ ပြန်လာနေထိုင်ကြသူ များပြားလာပေမယ့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ဒေသခံတွေက စိုးရိမ်မှုရှိနေကြပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ မြေမြှုပ်မိုင်းကြောင့် ကရင်နီပြည်မှာ ထိခိုက်သေဆုံးသူ ၁၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ IEC က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ