spot_img
14 C
Loikaw
Sunday 4, January 2026
spot_img
Homeသတင်းကရင်နီအမျိုးသားကောလိပ်ကျောင်းမှာ သင်ကြားမယ့် ဆရာ၊ဆရာမတွေအပြင် ပစ္စည်းကိရိယာတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆို

ကရင်နီအမျိုးသားကောလိပ်ကျောင်းမှာ သင်ကြားမယ့် ဆရာ၊ဆရာမတွေအပြင် ပစ္စည်းကိရိယာတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံဆို

-

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ် မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီအမျိုးသားကောလိပ် (KnNC) ကျောင်းမှာ သင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမ အရင်းအမြစ်အပြင် ကောလိပ်အဆင့် ညီမျှတဲ့ လိုအပ်ချက်တွေကို မထောက်ပံ့နိုင်သေးတာကြောင့် စိန်ခေါ်မှုရှိတယ်လို့ KnNC ကျောင်းတာဝန်ခံ ဆရာမကြီး မော်မိမာက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ ဒီကောလိပ်အဆင့်မှာ ထိထိရောက်ရောက် သင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမတွေက အလိုအပ်ဆုံးဖြစ်တယ်။ အခက်ခဲဆုံးဖြစ်တယ်။ တချို့က အရည်ချင်းရှိတယ်ဆိုပေမယ့်လည်း ခက်ခဲတဲ့နေရာမျိုးမှာ လာနေပြီး ရေရှည်သင်ပေးနိုင်ဖို့က မရှိသလောက်ဖြစ်တယ်။ တချို့ဆိုရင် တစ်နှစ်၊ နှစ်နှစ် နဲ့ ထွက်သွားတယ် တချို့ကလည်း တစ်နှစ်မပြည့်သေးဘဲနဲ့ ထွက်သွားတဲ့ ဆရာ ဆရာမတွေရှိတယ်ပေါ့နော။ ဆိုတော့ အရည်အသွေးပြည့်မှီတဲ့ ဆရာ၊ ဆရာမတွေကို ရေရှည်မှာ ကျမတို့ ထိန်းထားနိုင်ဖို့က အခက်အခဲရှိတယ်ပေါ့နော။” လို့ ဆရာမကြီး မိမာက ပြောပါတယ်။

ကျောင်းအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေဖြစ်တဲ့ ဘဏ္ဍာငွေဖြစ်စေ၊ ကျောင်းသုံးပစ္စည်းတွေဖြစ်စေ အပြည့်အဝ မထောက်ပံ့နိုင်သေးဘူးလို့ ဆိုပါတယ်။

ကောလိပ်ကျောင်း ရေရှည်တည်တံ့နိုင်ဖို့ မိဘပြည်သူတွေရဲ့ အားပေးထောက်ပံ့မှု ၊ ရပ်ရွာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်အစိုးရအနေနဲ့လည်း ကောလိပ်ကျောင်းကို အသိအမှတ်ပြုပြီး နည်းပညာဖြစ်စေ၊ မူဝါဒပိုင်းဖြစ်စေ ကူညီပံ့ပိုးမှုရှိတယ်လို့ ကျောင်းတာဝန်ခံက ပြောပါတယ်။

ဆရာ၊ ဆရာမ လိုအပ်ချက်နဲ့ပတ်သက်ပြီး ကျောင်းကနေ ပြီးမြောက်သွားတဲ့ ကျောင်းသားတွေကို ပြန်ရွေးထုတ်ကာ ဆရာ၊ ဆရာမဖြစ် သင်တန်းပေးပြီးနောက် မိခင်ကျောင်းမှာပဲ တစ်ဖက်တစ်လှမ်းကနေ ကူညီတဲ့ ပုံစံနဲ့ လည်ပတ်နေတယ်လို့ ပြောပါတယ်။

ကရင်နီအမျိုးသားကောလိပ်ကျောင်းမှာတော့ အထူးပြုဘာသာရပ် ၅ ခုဖြစ်တဲ့ Social Science ၊ Public Health ၊ Community Development ၊ Computer Science ၊ Bachelor Community Development အပြင် တခြားသောဘာသာရပ်တွေကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ လက်ရှိမှာတော့ တတိယနှစ်အထိ ကျောင်းသားပေါင်း (၃၅၈) ဦးရှိပြီး ဆရာ၊ ဆရာမအပါအဝင် ရုံးပိုင်းဆိုင်ရာ ဝန်ထမ်း (၃၄) ဦးရှိပါတယ်။

ကျောင်းပြီးမြောက်သွားတဲ့သူတွေကို အဆင့်မြင့်ပညာ ဆက်လက်လေ့လာသင်ယူကြဖို့ နဲ့ လူထုကို ပြန်လည်အကျိုးပြုကြဖို့ကို ကရင်နီပြည်အစိုးရဝန်ကြီးချုပ် ခူဦးရယ်က အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားပါတယ်။

“လူဆိုတာ အချည်းနှီးနေလို့မရဘူး အသိုင်းအဝန်းနဲ့နေတာ ရပ်နဲ့ရွာနဲ့နေတာ ရပ်ရွာပြီး မြို့ မြို့ ပြီးရင် တိုင်းပြည်ပဲ။ တိုင်းပြည်က တိုးတက်ဖို့ဆိုတာ ဒီအပေါ်မှာပဲ မူတည်တယ်။ နိုင်ငံသားတွေရဲ့ ပညာရေးက အဆင့်မြှင့်ရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမြန်တယ် မြှင့်တယ်။”လို့ ဝန်ကြီးချုပ် ခူဦးရယ်က အားပေးအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

Bachelor Community Development အထူးပြုဘာသာရပ်နဲ့ ကျောင်းပြီးမြောက်သွားတဲ့ စောမြာထွေးကတော့ ကိုယ့်လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ပြန်အကျိုးပြုသွားမယ်လို့ ပြောပါတယ်။

“ကျမတို့ ကရင်နီလူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်။ ပြီးတော့ ကျမက ကျောင်းတွေ ဆက်လျှောက်မယ် အကယ်၍ ဆက်လျှောက်လို့မပါခဲ့ရင်တောင် KnNC ကနေဖွင့်ထားတဲ့ကျောင်းပေါ့ ပြည်တွင်းဖြစ်စေ၊ ဒီမှာပဲဖြစ်စေ ပြန်ပါဝင်ဖို့ ကျမက လျာထားတယ်။”လို့ သူက ပြောပါတယ်။

ကရင်နီပညာရေးဌာန လက်အောက်မှာရှိတဲ့ KnNC ကျောင်းကို ကရင်နီလူငယ်တွေရဲ့ ပညာရေးအတွက် ရည်ရွယ်ကာ ၁၉၉၅ခုနစ်က‌နေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၃၀ ရှိနေပြီဖြစ်ပါတယ်။ KnNC ကျောင်းကနေ နှစ်စဉ် ကျောင်းသားတွေကို ၁၀၀ ကနေ ၁၂၀ ဝန်းကျင် ခေါ်ယူသင်ကြားပေးနေတာပါ။

KnNC ကျောင်းရဲ့၂၀၂၂ – ၂၀၂၅ ပညာသင်နှစ်မှာတော့ သင်ယူပြီးမြောက်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၀၃ ဦးကို ဒီကနေ့မှာ ဘွဲ့လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ပြုလုပ်သွားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ