spot_img
11.4 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းငလျှင်ကြောင့် ကရင်နီမှာ မြေပြိုမှု၊ အဆောက်အဦး ပြိုကျမှုရှိ

ငလျှင်ကြောင့် ကရင်နီမှာ မြေပြိုမှု၊ အဆောက်အဦး ပြိုကျမှုရှိ

-

ကန္တာရဝတီတိုင်း (မ်)

ဒီကနေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်ခန့်မှာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ နဲ့ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်အတွင်း မြေပြိုမှု၊ အဆောက်အဦး ပျက်စီးပြိုကျမှုတွေ ရှိနေပါတယ်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မြေပြိုခဲ့ပြီး လူ အထိခိုက် အပျက်အစီးတော့မရှိခဲ့ပါဘူး။ ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာမှာလည်း ကယန်းပြည်သစ် ရုံး၊ဌာန တွေပျက်စီးသွားခဲ့ပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ဘုရားကျောင်းတစ်လုံးလည်း ပျက်စီးသွားခဲ့ပြီး လူအထိခိုက်တော့မရှိဘူးလို့ ဆိုပါတယ်။

“မကြုံဖူးဘူး ဒီ‌လောက်ကြီးတာ။ ဒီလောက်လည်း အကြာကြီးမလုပ်ဘူးလို့ “ အသက် ၈၀ အရွယ် ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ဒီကနေ့ဖြစ်ပွားတဲ့ ငလျင်အကြောင်းကိုပြောပါတယ်။

ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အရှေ့ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀ ခန့်) မှာ ဗဟိုပြုတဲ့ငလျင်က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီကနေ့လှုပ်ခတ်သွားခဲ့တဲ့ မြေငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ရှမ်းပြည်၊ မန္တလေး၊ အင်းလေးဒေသမှာ အဆောက်အဦး ပျက်စီးပြိုကျမှုရှိခဲ့သလို့ စစ်ကိုင်းတိုင်းမှာလည်း လမ်း၊တံတား ပျက်စီးပြိုကျမှုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း အဆောက်အဦး ပြိုကျရှိခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ ငလျှင်ကြောင့် ထိုင်း၊ မြန်မာ နှစ်နိုင်ငံမှာ ထိခိုက်သေဆုံးသူတွေရှိပေမဲ့ ကရင်နီပြည်မှာတော့ သေဆုံးသူမရှိခဲ့ပါဘူး။

မြန်မာတစ်ဝှမ်း လူထုတွေက စစ်ဘေးအပြင် သဘာဝဘေးတွေဖြစ်တဲ့ ရေကြီးရေလျှံမှု ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကြုံတွေ့ခဲ့ရသလို ယခုနှစ်ထဲမှာလည်း ပြင်းအားကြီး ငလျင်ဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝါသနဲ့ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေဆက်လှုပ်လာနိုင်တာကြောင့် ဘေးလွတ်ရာမှာနေထိုင်ဖို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ