spot_img
14.2 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ဘေးရှောင်ရင်း လွိုင်ကော်စစ်ရှောင်တချို့ ရိုးရာအစဉ်အလာမပျက်အောင် ကေးထျိုးဘိုးပွဲကို ကျင်းပပြုလုပ်

စစ်ဘေးရှောင်ရင်း လွိုင်ကော်စစ်ရှောင်တချို့ ရိုးရာအစဉ်အလာမပျက်အောင် ကေးထျိုးဘိုးပွဲကို ကျင်းပပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတရွာမှာ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုးပွဲ ကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်သွားပါတယ်။

အဲ့ဒီကျေးရွာဟာ စစ်ဘေးရှောင် နေရတာဖြစ်ပြီး ကျေးရွာအတွင်းမှာတော့ ဒေသခံအနည်းစုသာ နေထိုင်ကြတာပါ။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ပွဲကျင်းပတဲ့ အချိန်ကာလမှာတော့ ကျေးရွာအတွင်းပြန်လာပြီး ကေးထျိုးဘိုးပွဲကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ ကျေးရွာထဲ သိပ်မနေဖြစ်ကြပေမယ့် ရိုးရာအရ စစ်ရှောင်ကနေပြန်လာပြီး ပုံမှန်ပြန်လုပ်ဖြစ်ကြတာပေါ့နော်။ အခုက ပွဲက တစ်နှစ်တစ်ကြိမ် လုပ်ဖြစ်အောင် လူထုကနေပဲ ကြိုးစားပြီး ပြန်လာကျင်းပကြတာ။ အခမ်းအနားတွေကျင်းပပြီး ကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူးပေါ့။”လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

ကေးထျိုးဘိုးပွဲကို ဧပြီလ ၇ ရက်နေ့မှာ စတင်ကျင်းပကြတာဖြစ်ပါတယ်။ ရှေ့ နှစ်ရက် အတွင်းမှာတော့ တိုင်တော်ကို ခုတ်ယူတာ၊ ထီးတော်ပြုပြင်တာ၊ ဗုံမောင်းအက ကကြတာတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးရက်ဖြစ်တဲ့ ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာတော့ တိုင်တော်စိုက်ထူခြင်းကို ပြုလုပ်သွားပါတယ်။

ဒေသခံ အများစုနေထိုင်ကြတဲ့ စစ်ရှောင်စခန်းမှာ ကေးထျိုးဘိုးပွဲကို ပြုလုပ်ခြင်းမရှိဘဲ ကျေးရွာအထိ ပြန်လာကျင်းပတာဖြစ်ပြီး လူဦးရေ ၃၀၀ ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နှစ်စဉ် ကရင်နီနှစ်သစ်ကူးရက်ပြီးတဲ့နောက်ပိုင်းမှာ ကရင်နီတို့ရဲ့ ရိုးရာပွဲတော်ကြီးတခုဖြစ်တဲ့ ကေးထျိုးဘိုးပွဲကို ပြည်နယ်အတွင်းသာမက ပြည်ပနိုင်ငံရောက် ကရင်နီလူမျိုးတွေက မိမိတို့ရောက်ရှိရာဒေသကနေ အစဉ်အလာမပြတ် ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ ကရင်နီလူမျိုးတွေရဲ့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် ပွဲတော်ကို မတ်လနဲ့ဧပြီလအတွင်းမှာ နှစ်စဉ်ကျင်းပကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ