spot_img
26.8 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းထိုင်း - ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ

ထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ ထောက်ပံ့မှုမရှိတော့တာကြောင့် အခက်ကြုံ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ ကရင်နီပြည်နယ်စပ်က စစ်ရှောင်စခန်းတစ်နေရာမှာ ယခုမတ်လကစပြီး အလှူရှင်တွေဆီကနေ ထောက်ပံ့မှုမရရှိတော့ဘူးလို့ စစ်ရှောင်စခန်းရဲ့ ဥက္ကဌဖြစ်သူ ခူးဖရေရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ကျန်ရှိသေးတဲ့ လက်ကျန် ဆန်ကို စစ်ဘေးရှောင်တစ်ဦးကို ၃ ကီလိုနှုန်းနဲ့ ပေးဝေခဲ့တာ နောက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီမတ်လကနေစပြီး ကျနော်တို့ရိက္ခာ မရရှိတော့ဘူးပေါ့နော။ လက်ကျန်နည်းနည်းပါးပါးရှိတယ်။ အဲ့ဒီဟာလေးနဲ့ဘဲ ကျနော်တို့ပြည်သူတွေကို ဝေမျှပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုံးဝကိုလုံလောက်မှုတော့မရှိဘူးပေါ့။”လို့ စစ်ရှောင်စခန်း ဥက္ကဌ ဖြစ်သူ ခူးဖရေရယ်က ပြောပါတယ်။

အမေရိကန်ရဲ့နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ( USAID)က မြန်မာအပါအဝင် တခြားသောနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေ ကို ဖြတ်တောက်ပြီးနောက်မှာ အလှူရှင်တွေကိုမှီခိုနေရတဲ့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာရရှိမှု ပြတ်တောက်သွားတာပါ။

အဲ့ဒီ စစ်ရှောင်စခန်းမှာ လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိပေမယ့် အကူအညီမရတော့တာကြောင့် နောက်ပိုင်းတွေမှာ ပြည်တွင်းကနေရပ်ကို ပြန်သွားကြသူလည်း ရှိတယ်လို့ သိရပါတယ်။

ယခင်က USAID ကနေ ထောက်ပံ့မှုယူတဲ့ လူမှုအသင်းအဖွဲ့တွေဆီကနေတဆင့် ဆန်၊ ဆီ ၊ ဆား၊ ပဲ၊ ငါးခြောက် စတဲ့ ရိက္ခာခြောက်ကို ပုံမှန်ရရှိခဲ့တာပါ။

လက်ရှိမှာတော့ ကရင်နီအရေးပေါ်ကယ်ဆယ်ရေး(CTER-Karenni) ရဲ့ ထောက်ပံ့မှုကို မျှော်လင့်နေရသေးတယ်လို့ ဆိုပါတယ်။ ရေရှည် စားနပ်ရိက္ခာအတွက် ယခုနှစ်မှာတော့ စစ်ရှောင်စခန်းအနီးအနားမှာ တောင်ယာခုတ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဥက္ကဌ ခူးဖရေရယ်က ဆက်ပြောပါတယ်။

“ဒီစစ်ရှောင်မှာကျတော့ နှစ်တိုင်းလိုလို စိုက်ပျိုးတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမယ့် ဒီနှစ်မှဘဲ ကျနော်တို့ တောင်ယာခုတ်ဖို့ စီစဉ်ပေးတာတော့ရှိတယ်။ ဒါပေမယ့် အခုမှ စခုတ်တယ်ဆိုတော့ နောက်နှစ်မှဘဲစားရမယ်ပေါ့။”လို့ ခူးဖရေရယ်က ပြောပါတယ်။

စစ်ရှောင်စခန်းမှာ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် ဝင်ငွေရတဲ့ အလုပ်အကိုင်မရှိတာကြောင့် ရေရှည်မှာ ပိုမိုအခက်ကြုံနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အကြောင့် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ခွင့်ရရင် ဝမ်းရေးအတွက် တစ်နှစ်စာ ဖူလုံနိုင်တယ်လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဦးဗျားရယ်က ပြောပါတယ်။

“တကယ်လို့တောင်ယာပေးလုပ်ရင် စပါးမျိုး တပုံးစိုက်ရရင် စပါးအိတ် တစ်ဆယ်နှစ်ဆယ်လောက်ရရင် အဲ့တာတစ်နှစ်စာ စားလို့ရတယ်။“ လို့ ဦးဗျားရယ်က ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာတော့ စစ်ရှောင်ဦးရေ ၃၀၀၀ ဝန်းကျင်ရှိပြီး ယခင်က လစဉ် လူတစ်ဦးကို ၁၅ ကီလိုနှုန်းနဲ့ ဆန်ထုတ်ပေးပြီး ၅ နှစ်အောက် ကလေးတွေကိုတော့ ၈ ကီလို ထုတ်ပေးတာပါ။ လစဉ် ပျမ်းမျှ ဆန်အိတ် ၆၀၀ နဲ့ ၇၀၀ ကြား ဆန်ပေးဝေရတယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာကိုထောက်ပံ့ပေးတဲ့ အကူအညီတွေ ရပ်ဆိုင်းပြီးနောက် ထိုင်း-ကရင်နီနယ်စပ်က စစ်ဘေးရှောင်တွေအပြင် ကရင်နီပြည်တွင်းက စစ်ရှောင်စခန်းအများစုကလည်း ဆန်ရိက္ခာပြတ်လပ်မှုကို ပိုမို ကြုံတွေ့လာနေရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ