spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်းမှာ စပါးဧက ၁၀၀၀ ၀န်းကျင်ကို ခရုဖျက်ဆီး

ဒီးမော့ဆိုအရှေ့ခြမ်းမှာ စပါးဧက ၁၀၀၀ ၀န်းကျင်ကို ခရုဖျက်ဆီး

-

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ နွေစပါးစိုက်ပျိိုးကြတဲ့ ဒေသခံတွေဟာ ယခုနှစ်မှာ ခရုတွေရဲ့ဖျက်ဆီးမှုကြောင့် စပါးခင်းဧက ၁၀၀၀ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရတယ်လို့ စိုက်ပျိုးရေး ကွင်းဆင်းလေ့လာသူတစ်ဦးက ပြောပါတယ်။

“အဓိကခရုပြဿနာပေ့ါ။ ပြီးခဲ့တဲ့နှစ်က မိုးစပါးစိုက်တယ် ဘီလူးချောင်းရေတက်တဲ့ခါကျတော့ စပါးရင့်မှည့်တဲ့ချိန်မှာ စပါးတွေမရိတ်သိမ်းရဘဲ ပျက်စီးကုန်တယ်။ တောင်သူတွေက ဒီနှစ်မှာ မိုးစပါး ပျက်စီးသွားတဲ့အတွက် ၂၀၂၅ နွေစပါးကို အားခဲပြီးမှ စိုက်ကြပေမယ့် ဒီနှစ်မှာ ပြဿနာကြုံရတာ၊ အဲ့ဒီရေတက်ပြီးတဲ့နောက်ပိုင်းမှာ နွေစပါးစိုက်တဲ့အခါမှာ ခရုပြဿနာလိုက်လာတာပေါ့ ။ ခရုတအားပွားလာတယ်၊ စပါးပင်ကိုကိုက်ဖြတ်ဖျက်ဆီးတယ်” လို့စိုက်ပျိုးရေးကွင်းဆင်းလေ့လာသူတစ်ဦးက ပြောပါတယ်။

ခရုတွေရဲ့ဖျက်ဆီးမှုကြောင့် စပါးခင်းတွေ ပျက်စီးဆုံးရှုံးတာကို စိုက်ပျိုးတောင်သူတွေဟာ ယခုနှစ်မှာ ပထမဆုံးကြုံတွေ့ဖူးတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က မိုးစပါးရိတ်သိမ်းချိန်မှာ ရေကြီးမှုကြောင့် စပါး ဆုံးရှုံးမှုများရှိခဲ့တဲ့အပြင် ယခုနှစ်နွေစပါးစိုက်ပျိုးချိန်မှာလည်း ခရုဖျက်ဆီးမှုနဲ့ကြုံတွေ့ရတာကြောင့် နေရပ်ပြန်စစ်ရှောင်တွေဟာ တစ်နှစ်စာရိက္ခာမဖူလုံမှာကို စိုးရိမ်နေကြပါတယ်။

စိုက်ပျိုးတောင်သူတွေဟာ ခရုသတ်ဆေးကို
အသုံးပြုကြပေမယ့် ဖြန်းတဲ့ရက်မှာတော့ ခရုငြိမ်သွားပြီး နောက်ရက်တွေမှာ ခရုတွေပြန်ပွားလာတယ်လို့ စိုက်ပျိုးရေးကွင်းဆင်းလေ့လာသူတစ်ဦးက ပြောပါတယ်။

“ခရုသတ်ဆေးတွေ ကုမ္မဏီကကြော်ငြာတဲ့ ခရုသတ်ဆေးတွေ ထိုင်းက ခရုသတ်ဆေးတွေ သူတို့ဝယ်သုံးတယ်။ တဘူးကို နှစ်သောင်းကျော် သုံးသောင်းပေးရတယ် အဲ့ဒါ ဝယ်သုံးတယ် ဖြန်းတဲ့ရက်မှာပဲ ခရုငြိမ်သွားတယ်၊ နောက်ရက်ဆို ခရုပြန်ပွားလာတယ် ဆေးနဲ့လည်းမနိုင်ဘူး ” လို့ သူက ဆက်ပြောပါတယ်။

ပိုးသတ်ဆေးအသုံးပြုပေမယ့် ခရုတွေ မလျော့နည်းတာကြောင့် တောင်သူတွေဟာ စပါးခင်းအတွင်းက
ခရုတွေကို လိုက်လံ ကောက်ယူရတယ် ဆိုပါတယ်။

လုပ်အားမနိုင်တော့တဲ့ တောင်သူတွေဟာ ခရုကောက်ဖို့ တရက်ကို ငွေ ၁၅၀၀၀ ကျပ်အထိ နေ့စားခပေးပြီးအလုပ်သမားငှားတာတွေပါ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ