spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်ပေါ် ကျောက်တုံးလှိမ့်ကျကာ အမျိုးသားတစ်ဦး ထိခိုက်သေဆုံး

ဒီးမော့ဆိုမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် နေအိမ်ပေါ် ကျောက်တုံးလှိမ့်ကျကာ အမျိုးသားတစ်ဦး ထိခိုက်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် တောင်ပေါ်ကနေ ကျောက်တုံးကြီး လှိမ့်ကျကာ စစ်ဘေးရှောင်နေအိမ်ပေါ် ကျရောက်ခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ Jobs For Kayah အသင်းရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ တောင်ပေါ် ကနေလှိမ့်ကျလာတဲ့ ကျောက်တုံးကြီး နေအိမ်ပေါ် ကျရောက်ခဲ့တာပါ။ လေဖြတ်ဝေဒနာခံစားနေရတဲ့ အိမ်ထဲက အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ကို ကျောက်တုံးပိမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးတဲ့နောက်မှာ တောင်ပေါ်က ကျောက်တုံးတွေ မခိုင်မာတော့ဘဲ မိုးလည်း ထပ်ရွာခဲ့တာကြောင့် ကျောက်တုံးကြီး အခုလို လှိမ့်ကျလာတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

“ပြီးခဲ့တဲ့ တလောက ငလျင်လှုပ်ထားတယ်ပေါ့နော်။ကျနော်တို့ ကရင်နီကလည်း ငလျင် ဒဏ်ခံထားရတယ်ပေါ့နော်။ နဂိုကတည်းက ငလျင်ဒဏ်ကြောင့် ယိုင်နဲ့ နေတဲ့‌ ကျောက်တုံးကြီးတွေရှိတယ်ပေါ့။ ကျနော်တို့စစ်ရှောင်အများစုကလဲ ဒီလို ကျောက်ဆောင်တွေ ကျောက်ကမ်ပါးတွေကြားမှာပဲ လေယာဉ်ရန်ကိုကြောက်လို့ ရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအများကြီးရှိတယ်ပေါ့။ အခုလိုမျိုးဖြစ်စဉ်တွေ ရှိလာနိုင်တဲ့အတွက်လဲ အရင်က ကျနော်တို့ ကြိုပြီးတော့ စစ်ရှောင်တွေကို သတင်းတင်ပေးတယ် ပြောထားပေးတာတွေရှိတယ်ပေါ့။” လို့ စစ်ရှောင် အရေးကူညီပေးနေတဲ့ JFK တာဝန်ခံ က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာလည်း ဒီးမော့ဆို အနောက်ခြမ်းမှာ မိုးရွာသွန်းပြီး မိုးသီးကြွေကျတဲ့ဖြစ်စဉ်ရှိပါတယ်။ မိုးရွာသွန်းမှုအပြီး ကျောက်တုံးလှိမ့်ကျတဲ့ ဖြစ်စဉ်ကို အခြေခံကာ ကျောက်တောင်အနီးမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့လည်း အထူးကရုစိုက်နေထိုင်ကြဖို့ကို စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ Jobs For Kayah က အသိပေးပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကျောက်တုံးလှိမ့်ကျပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးမှုဟာ ယခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ