spot_img
24 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းဘန်ကောက်တိုက်ပြိုကျမှုမှာ ပိတ်မိနေတဲ့ ကရင်နီဒေသခံ မောင်လူစီယားနိုကို မတွေ့ရှိသေး

ဘန်ကောက်တိုက်ပြိုကျမှုမှာ ပိတ်မိနေတဲ့ ကရင်နီဒေသခံ မောင်လူစီယားနိုကို မတွေ့ရှိသေး

-

ကန္တာရဝတီတိုင်း (မ်)

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပြိုကျသွားတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဆောက်လက်စ အစိုးရရုံး အအောက်အအုံမှာပြိုကျမှုမှာ ပိတ်မိနေတဲ့ ကရင်နီပြည်က ဒေသခံ မောင်လူစီယားနိုကို ပြန်လည်မတွေ့ရှိသေးဘူးလို့ ဘန်ကောက်မှာနေထိုင်တဲ့ သူ့ရဲ့တစ်ဝမ်းကွဲအကို ဝီးလ်ဖရက် က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“သူတို့ဆရာကျနော့်ကို ဖုန်းဆက်လာတယ်။ လူစီယားနိုတွေ့ပြီလား။ တွေ့ရင် ပေးရမယ့်ဟာတွေ စီစဥ်ရတော့မယ်တဲ့။ မတွေ့သေးဘူးလို့ ။ ကျနော်တို့ DNA မှ မရသေးတာလို့ ပြောလိုက်တယ်။” လို့ ဝီးလ်ဖရက် က ပြောပါတယ်။

လူစီယားနိုဟာ ITALIAN-THAI ကုမ္ပဏီလက်အောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြိုကျသွားတဲ့ ဘန်ကောက်မြို့က အစိုးရစာရင်းစစ်ရုံးမှာ ITALIAN-THAI က ဝန်ထမ်း ခုနှစ်ဦးပိတ်မိနေခဲ့ပြီး ငါးဦးရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။

ပြိုကျမှုမှာ ပါဝင်သွားတဲ့ သူတွေအတွက် ထိုင်းအစိုးရကပေးတဲ့ နစ်နာကြေးကိုပေးမှာဖြစ်ပြီး အလောင်းကို စစ်ဆေးဖို့နဲ့ မိသားစုဝင်ဖြစ်ကြောင်းအတည်ပြုနိုင်ဖို့ DNA တိုက်စစ်ဖို့ လိုအပ်နေတာပါ။

လူစီယားနိုရဲ့ မိသားစုဝင်တွေဟာ DNA တိုက်စစ်ဖို့ ထိုင်းနိုင်ငံကိုရောက်လာကြပေမယ့် ပါတ်စ်ပို့ ပြုလုပ်လို့မရသေးတာကြောင့် DNA စစ်ခွင့်မရှိသေးဘူးလို့ လူစီယားနိုရဲ့ ညီ ဖြစ်သူက ဆိုပါတယ်။

“နစ်နာကြေးကတော့ အမေကိုယ်တိုင်လာမှ ရမယ်။ DNA စစ်ဖို့က ကျနော်အရင်သွားစစ်။ ကျနော်က လူစီယားနိုရဲ့ညီပေါ့။ ကျနော်အရင်ဆုံးသွားစစ်ပြီးတော့မှ သေချာပြီဆိုမှပဲ အမေကနောက်တစ်ခေါက်မှ ပြန်လာရမယ်။” လို့ သူက ပြောပါတယ်။

လတ်တလောမှာတော့ DNA စစ်ဖို့ လိုအပ်တဲ့ ပတ်စ်ပို့ကို ထိုင်းသံရုံးမှာ တင်ပြထားဆဲဖြစ်တယ်လို့ ဝီးလ်ဖရက်က ပြောပါတယ်။

ထိခိုက်သေဆုံးသွားတဲ့ အလုပ်သမားတွေ လျော်ကြေးပြန်ရဖို့အတွက်လည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့ မြန်မာ့ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ်က ပြောပါတယ်။

“အဓိကပြောချင်တာက လျော်ကြေးပေါ့နော။ ဘယ်မှာပဲ ‌ရောက်ရောက် အထောက်အထားတွေကို စနစ်တကျပြင်ဆင်လာမှ ရမယ်။ ဒီတိုင်းပဲ လျော်ကြေးရမယ် ဆိုပြီးတော့ အဲ့တိုင်းလာလို့မရဘူး။ အရင်ကတည်းကလည်း အဲလိုကိစ္စတွေလုပ်ပေးဖူးတယ်။ အဲ့ဒါ ကြန့်ကြာမှုတွေရှိလို့ ကြိုတင်ပြင်ဆင်ကြဖို့ပြောချင်တာပါ။” လို့ ဦးထူးချစ်က ပြောပါတယ်။

ထိခိုက်ဆုံးရှုံးသူက အိမ်ထောင်သည်ဖြစ်ပါက လက်ထပ်စာချုပ်မိတ္တူနဲ့ အိမ်ထောင်သည်ဖြစ်ကြောင်း မြန်မာသံရုံးထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ သက်ဆိုင်ရာ ၊ရဲစခန်းထောက်ခံစာများ၊ ဆွေမျိုးတော်စပ်ကြောင်း အစိုးရထောက်ခံစာတို့ကို ကို စနစ်တကျ မှတ်စုပြုထားဖို့လိုအပ်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

ဆောက်လက်စတိုက်အထပ် ၃၀ ရှိတဲ့ ထိုင်းအစိုးရငွေစာရင်းစစ်ချုပ်ရုံး ပြိုကျပြီး ရက်ပေါင်း ၄၀ အကြာမှာ သေဆုံးသူ ၈၈ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦး၊ ပျောက်ဆုံးနေသူ ၁၂ ဦး ရှိတယ်လို့ ထိုင်း The Nation သတင်းဌာန မှာ ရေးသားထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ပြိုကျသွားတဲ့ အဆောက်အဦးအတွင်း နောက်ထပ်လှုပ်ရှားမှုတစ်စုံတစ်ရာကိုမတွေ့ရှိတော့ပါက မေလ ၁၀ ရက်နေ့မှာ ရှင်းလင်းရှာဖွေမှုကို ရပ်ဆိုင်းလိုက်တော့မှာဖြစ်တယ်လို့လည်း ထိုင်း The Nation က ပြောဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ