spot_img
12.6 C
Loikaw
Wednesday 7, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကြက်နာကျမှု ဆက်လက်ဖြစ်ပွား

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကြက်နာကျမှု ဆက်လက်ဖြစ်ပွား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ တစ်နိုင်တစ်ပိုင် မွေးမြူထားကြတဲ့ အိမ်မွေးကြက်တွေဟာ ကြက်နာကျပြီး သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“အရင်ဆုံး ဖျားနာတဲ့ လက္ခဏာပြတယ်။ နှစ်ရက်၊ သုံးရက်လောက်ဖြစ်တယ်။ အစာက မစားတော့ဘူး။ ကြာလာတော့ သေသွားတယ်။ ပြီး‌တော့ တချို့ကောင်တွေကျတော့လည်း ပြန်ကောင်းလာတာ ရှိတယ်။ တချို့ အကောင်ကြီးတဲ့ အထီးတွေ ၊ အမတွေ ကြတော့ သေကုန်တယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

တချို့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကြက်နာကျမှု ဖြစ်ပွားတာတွေ ရှိသလို တချို့ကျေးရွာကတော့ ယခုလပိုင်းအတွင်းမှာမှ ရောဂါဖြစ်ပွားပြီ ကြက်တွေသေဆုံးနေတာပါ။

“ကြက်နာတွေ အချိန်တိုင်းကူးစက်နေကြရတာက မွေးမြူရေးစနစ်မကျတာတွေကြောင့်လို့ ထင်ပါတယ်။ ဥပမာ လွှတ်ကျောင်းမွေးမြူခြင်းတွေကြောင့်ပေါ့နော်။ ပြီးတော့ ကာကွယ်ဆေးပေးရင် ကြုံရတဲ့ အခက်ခဲက ဘာလဲဆို‌တော့ ကြက်တွေ အကုန်မဖမ်းမိတာမျိုးပေါ့။ ဆိုတော့ မွေးမြူရေးမှာ အခြေခံအကျဆုံးက Bio Securityလို့ ခေါ်တဲ့ဇီဝလုံခြုံမှုပါ ။ နောက်မှ ကာကွယ်ဆေးတွေ ကုသခြင်းလုပ်ငန်းတွေ လိုက်လာတာပါ။ ဆိုတော့ ကြက်နာကျမှုကြုံရတဲ့ ဒေသခံတွေကော စစ်ရှောင်တွေကိုပါ စနစ်ကျတဲ့မွေးမြူရေးနည်းစနစ် တွေ ကျင့်သုံးဖို့ အကြံပေးချင်ပါတယ် “ လို့ IEC ရဲ့ မွေးမြူရေးနှင့် ကုသရေးဌာန ညွှန်ကြားရေးမှူး တာဝန်ခံတစ်ဦးက ပြောပါတယ်။

ဒီလို ကြက်နာကျမှု ဖြစ်စဉ်တွေဟာ တစ်နိုင်တစ်ပိုင် အိမ်ကြက်ကို မွေးမြူထားတဲ့ ဒေသခံတွေ ၊ စစ်ရှောင်တွေဟာ နှစ်စဉ်နှစ်တိုင်း ပုံမှန် ကြုံတွေနေကြရတာ ဖြစ်ပြီး နှစ်တိုင်း ဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီးမော့ဆို မြို့နယ်အရှေ့ဘက်ခြမ်းမှာ တတ်ကျွမ်းနာလည်တဲ့ တိရိစ္ဆာန် ကုသတဲ့ ဆေးဆရာတွေမရှိသလို ၊ ကြက်ကာကွယ်ဆေးတွေ လာရောက်ထိုးနှံမှုတွေ မရှိသေးပါဘူး။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ မွေးမြူရေးနှင့် ကုသရေးဌာန မှာတော့ လက်ရှိချိန်ထိ ကြက်၊ ဝက်၊ ခွေး စတဲ့ တိရိစ္ဆာန်အမျိုးအစား (၃) မျိုးကိုသာ ကာကွယ်ဆေးထိုးနှံမှုပေးနိုင်သေးတယ်လို့ သိရပါတယ်။ ဒီးဘောင်းခူမြို့နယ် နဲ့ လွိုင်နန်းဖ မြို့နယ်တွေမှာတော့ ကြက်အကောင်ရေ (၅၀၀၀) ကို ကာကွယ်ဆေးထိုးနှံပေးထားပါတယ်။ လက်ရှိမှာတော့ ကျွဲ ၊နွား ကာကွယ်ဆေးတွေ ဆက်လက်ထိုးနှံနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ