ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းအတွင်းက လယ်တော ၃ စစ်ရှောင်စခန်းမှာ တစ်လကျော်ကြာအထိ ဆန်ပြတ်လပ်မှုရှိနေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။
“စခန်းတစ်ခုလုံးပဲပေါ့နော။ အခုလာပေးတဲ့ဆန်ဆိုရင် တစ်ယောက် ၁ ပြည်ဆို ၅ ရက်ပဲ စားရတာပေါ့။ ၁ ပတ်ပဲရတယ်ဆိုတော့ ဒီကြားမှာလည်း ကျမတို့ လိုက်ရှာတယ်။ ဒါပေမယ့် မရဘူးဆိုတော့ ပြတ်လပ်နေကြတယ်ဆိုတော့၊ အလုပ်လည်း မရှိဆိုတော့၊ သွားချေးစားမယ်ဆိုလည်း ပြန်ဆပ်ဖို့လည်း မရှိ၊ ဆန်ရလည်း ကိုယ့်အတွက်မလောက်မှာလည်း ဖြစ်ဆိုတော့ အဲလိုတော့ ဖြစ်တာပေါ့”လို့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ဆန်ပြတ်လပ်မှုနဲ့ကြုံတွေ့နေရသလို ဝင်ငွေရအလုပ်အကိုင်မရှိတာကြောင့် ဆန်မဝယ်စားနိုင်ဘူးလို့ ပြောပါတယ်။ ဆန်မရှိတာကြောင့် တစ်ရက်ကို ထမင်းတစ်နပ်သာ ချက်စားပြီး ညနေပိုင်းထိ ထမင်းမစားရဘဲ အိပ်ယာဝင်ရတဲ့ မိသားစုဝင်တွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဆန်ရရှိဖို့ အကူအညီတောင်းခံလိုတယ်လို့ ပြောပါတယ်။
“တချို့မိသားစုဆို ည ၉ နာရီ၊ ၁၀ နာရီထိ ညစာမချက်ရသေးဘူး။ အဲ့လို လာပြောတာမျိုးလည်း ကျမကြုံတွေ့ရတာ ကြာပြီပေါ့။ ကျမမှာလည်း ခုချိန်မှာ အခက်အခဲ ရှိနေတော့ ကိုယ်လည်း မပေးနိုင်ဘူး ဖြစ်နေတော့ စိတ်မကောင်းတာမျိုး ဖြစ်ရတယ်”လို့ စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက ဆက်ပြောပါတယ်။
မိသားစုတချို့ကတော့ နီးစပ်ရာဆွေမျိုးထံ ဆန်ချေးငှားစားကြသူရှိပေမယ့် မိသားစုအများစုကတော့ ချေးငှားစားပြီး ပြန်ဆပ်ဖို့ မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။
“အရင်တုန်းကတော့ စားနပ်ရိက္ခာနဲ့ပတ်သက်တာ တော်တော်ဝင်လာတယ်။ ခုနောက်ပိုင်း တစ်လ တစ်ခါတောင် မလာတော့ဘူး။ အလှူရှင်မလာတော့ ကျမတို့လည်း အလုပ်အကိုင်လည်း မရှိဘူးဆိုတော့ သူများလိုလည်း နောက်ခံလည်းမရှိဘူးဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။” လို့ လယ်တော ၃ မှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး က ပြောတယ်။
နိုင်ငံတကာကပေးတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အများစု ရပ်ဆိုင်းလိုက်တာကြောင့် လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကရင်နီပြည်က အရပ်ဖက်အဖွဲ့အစည်း၊ လူမှုအသင်းအဖွဲ့တွေလည်း စစ်ဘေးရှောင်ကို ကူညီတဲ့နေရာမှာ လျော့နည်းလာတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်အများဆုံးရှိနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဖရူဆိုမြို့နယ် နဲ့ မယ်စဲ့မြို့နယ်က စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာရရှိဖို့ ပိုမိုခက်ခဲလာနိုင်တယ်လို့ IEC က ပြောဆိုထားတာရှိပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းက လယ်တော ၃ စစ်ဘေးရှောင်စခန်းမှာတော့ ဆန်လိုအပ်ချက်တွေအပြင် အမိုးအကာလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၃ အိမ်ရှိပြီး လူဦးရေ ၁၀၀ ဝန်းကျင်ရှိနေထိုင်ပါတယ်။