spot_img
13.5 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းပထဝီကို အခြေပြုတဲ့ ပြည်နယ်သစ်တွေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ KNA ပြော

ပထဝီကို အခြေပြုတဲ့ ပြည်နယ်သစ်တွေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ KNA ပြော

-

ကန္တာရဝတီတိုင်း (မ်)

စစ်အာဏာရှင်စနစ်အောက်မှာ ဖက်ဒရယ်‌ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်လို့ မရနိုင်တာကြောင့် လူမျိုးစုံလူထုကြီးနဲ့အတူ ပထဝီကို အခြေပြုတဲ့ ပြည်နယ်သစ်တွေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ကယန်းအမျိုးသား တပ်မတော် KNA ဥက္ကဌ ခွန်းဗဟန်းထန်က ဒီကနေ့ ပြောကြားသွားပါတယ်။

“တစ်နိုင်ငံလုံး လွှတ်မြောက်ရေးဟာ ကယန်းအမျိုးသားတပ်မတော်ရဲ့ နိုင်ငံရေး ယုံကြည်ချက်ပဲဖြစ်ပါတယ်။ ပြည်ထောင်စု အရေးသည် ကယန်းအရေးဖြစ်သလိုကယန်းအရေးသည်လည်း ပြည်ထောင်စု အရေးပဲဖြစ်ပါတယ်။ ဒါ့ကြောင့်လူမျိုးစုံလူထုကြီးနဲ့အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ပထဝီကိုအခြေပြုတဲ့ ပြည်နယ်သစ်များနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရမှာ ဖြစ်ပါတယ်” လို့ ခွန်းဗဟန်းထန်က ပြောပါတယ်။

ခေတ်သမိုင်းကြောင်းအရ ကယန်းအမျိုးသားတွေက ပဒေသရာဇ်စနစ်၊ နယ်ချဲ့စနစ်၊ ဖက်ဆစ် စနစ်၊ စစ်အာဏာရှင်စနစ် နဲ့ လူမျိုးကြီးဝါဒီ စနစ်အောက်မှာ ခေတ်အဆက်ဆက်နေထိုင်လာခဲ့ရတာကြောင့် ကရင်နီပြည်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း (နေပြည်တော်ကောင်စီ) တို့မှာ ကယန်းလူမျိုးတွေ ပြန့်ကျဲနေထိုင်ကြရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပြန့်ကျဲနေထိုင်နေတဲ့ ကယန်းနယ်မြေဒေသလေးခုကို ပေါင်းစည်းရေးက ကယန်းအမျိုးသားတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်ပြီး ပြည်နယ်တစ်ခုအဖြစ် စုစည်းနိုင်ဖို့ ယုံကြည်ကြောင်းကိုလည်း ကယန်းအမျိုးသားတပ်မတော် KNA က တပါတည်းထုတ်ပြန်ပြောဆိုပါတယ်။

အမျိုးသားများ တန်းတူညီတူရေးအတွက် လူမျိုးကိုယ်စားပြုတဲ့ ပြည်နယ်သစ်တွေ ပေါ်ပေါက်လာခြင်းက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ လူမျိုးရေးပဋိပက္ခကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကောင်းတခုဖြစ်တယ်လို့လည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) ဥက္ကဋ္ဌ ဟောင်း ခွန်းမားရ်ကိုဘန်းက ကန္တာရဝတီတိုင်း(မ်) ကိုဖြေကြားခဲ့ဖူးပါတယ်။

ခွန်းဗဟန်းထန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဒုဝန်ကြီး တာဝန်ကနေ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ အနားယူခဲ့ပြီးနောက် ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ကြောင်း ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာပဲ တရားဝင် ကြေညာခဲ့တာပါ။

ကယန်းအမျိုးသားတပ်မတော်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ