ရှမ်း-ကရင်နီ နယ်စပ်အပါအဝင် ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ မေလတစ်လအတွင်း အရပ်သားသေဆုံးမှု ၆ ဦးရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဆီက နေသိရပါတယ်။
သေဆုံးခဲ့သူ ပြည်သူ ၆ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ဦး ၊ လက်နက်ကြီးကြောင့် အမျိုးသား ၄ဦး နဲ့ အခြားဖြစ်စဥ်ကြောင့် အမျိုးသမီး ၁ဦး တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မေလအတွင်းမှာပဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦး၊ လက်နက်ကြီး ကြောင့် ၆ ဦးနဲ့ မြေမြုပ်မိုင်းကြောင့် ၂ဦး စုစုပေါင်း ပြည်သူ ၃၂ ဦး ထိခိုက်ခဲ့တာရှိတယ်လို့ သိရပါတယ်။
စစ်ရေး ကာလ ကြာလာတာနဲ့ အမျှ လူထုတွေ ထိခိုက် သေဆုံးမှု တိုးလာတဲ့အပေါ် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြော ပါတယ်။
“လူထုတွေရဲ့ ထိခိုက်မှုတွေက လေယာဥ်ကြောင်းမှ၊ လက်နက်ကြီးထိမှ၊ စစ်ကောင်စီတွေလုပ်တယ်လို့မှ မဟုတ်တော့တာ။ ဥပမာ မိုင်းနင်းမိတဲ့ဟာတွေဆို တချို့ဆို သွားလို့ လာလို့ ထိတယ်၊ နင်းမိတယ်ဆိုပေမဲ့ အကုန်လုံးက စစ်ကောင်စီ တွေကြောင့်ကနေပဲ ဖြစ်လာတာပဲလေ။ ပြီးတော့ အလောင်းတွေ့ရှိတာတို့ဆို ပြောရရင် စစ်ကြောင့် စစ်ကောင်စီ လုပ်ရပ်တွေကနေ စတယ်လို့ပဲ မြင်တာ။“ လို့ ဒေသခံ အမျိုးသား တစ်ဦး ကဆိုပါတယ်။
စစ်ကောင်စီ ရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားလူထုတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ကာ လက်နက်ကြီး ကြောင့် တစ်လအတွင်း လူထုနေအိမ် ၁၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း နဲ့ ဖယ်ခုံ စတဲ့ ဒေသတွေမှာ တိုက်ခိုက်မှု လုပ်ခဲ့တာဖြစ်ပါတယ်။




