ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် အခြေစိုက် အိုဝမ်း(O-1) ဆေးရုံကနေ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၆ အတွင်း ကလေးနဲ့ မိခင်ပေါင်း ၁၅၁ ဦးကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ အိုဝမ်းဆေးရုံရဲ့ ဒုဆေးရုံအုပ် ဆီကနေသိရပါတယ်။
ကုသပေးခဲ့တဲ့ ကလေးတွေထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအများစုဖြစ်ပြီး မိခင်မှာတော့ မီးဖွားခြင်းဆိုင်ရာ ရောဂါအဖြစ်များတယ်လို့ အိုဝမ်းဆေးရုံရဲ့ ဒုဆေးရုံအုပ် တာဝန်ရှိသူ ဒေါက်တာ ယိုရီ (Yori) က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ကလေးတွေမှာတော့ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ရောဂါတွေ အဖြစ်များတယ်။ မိခင်တွေကတော့ ကလေးမီးဖွားခြင်းနဲ့ ဆိုင်တဲ့ရောဂါတွေအဖြစ်များပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းတို့ မတော်တဆကိုယ်ဝန်ပျက်ကျခြင်းတို့နဲ့ ဆေးရုံတက်ရတာတွေများပါတယ်။”လို့ ဒေါက်တာ ယိုရီ (Yori) က ဆိုပါတယ်။
အဆိုပါ မိခင်နဲ့ ကလေးပေါင်း ၁၅၁ ဦးမှာ မိခင်စာရင်းအရ ၁၀၆ ဦးရှိခဲ့ပြီး ကျန်သော စာရင်းမှာ ကျောင်းနေအရွယ် ကလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၆လအတွင်း ဆေးရုံတွင်းလူနာ (၇၆၃) ဦး နဲ့ ပြင်ပ လူနာ (၈၉၂) ဦး စုစုပေါင်း (၁၆၅၅) ဦးကို ဆေးကုသမှု ပေးခဲ့သလို တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို ခွဲစိတ်မှုပေါင်း ၄၅၉ ကြိမ်ကို အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၂) ရက်နေ့မှာ ကရင်နီအခြေစိုက် အိုဝမ်းဆေးရုံက အသိပေးထုတ်ပြန်ထားတာရှိပါတယ်။
ဆေးရုံအတွင်း လာရောက်ကုသခဲ့တဲ့ အတွင်းလူနာပေါင်း(၇၆၃) ဦးမှာလည်း စစ်ကြောင့်ဖြစ်တဲ့ လူနာပေါင်း (၁၈၇) ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြေပြင်ဆေးကုသမှုအပိုင်းမှာလည်း ဆေးဝါးအခက်အခဲအပြင် စစ်ရေးအခြေအနေကြောင့် စိန်ခေါ်မှုတွေများစွာ ရင်ဆိုင်နေရတာရှိတယ်လို့ ဒေါက်တာ ယိုရီ (Yori) က အခုလိုဆက်ပြောပါတယ်။
“စိန်ခေါ်မှုအနေနဲ့ကတော့ အများကြီးပါပဲ။ logistics (ထောက်ပံ့ပို့ဆောင်ရေး) ပိုင်းအရဆိုရင် ဆေးလမ်းကြောင်းတွေခက်ခဲတာ အခကြေးငွေများစွာ ပေးနေရတာတွေရှိတယ်ပေါ့နော်။ ကုသဖို့အတွက် ခေတ်မီဆေးဝါးတွေမလုံလောက်တာ၊ အချိန်မီ မရောက်နိုင်တာတွေ ဒါတွေက တစ်ခါတရံမှာ လုံးဝ logistical nightmare ကြီးပါပဲ။ နောက်တစ်ခုကတော့ လေယာဉ်ဒဏ်၊ လက်နက်ကြီးဒဏ်ပေါ့နော်။ အမြဲစိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်နေရတယ်ပေါ့နော်။ ဒါလည်းစိန်ခေါ်မှုတစ်ခုပါပဲ။”လို့ သူကဆိုပါတယ်။
အိုဝမ်း(O-1) ဆေးရုံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ (၂၇)ရက်နေ့က ကရင်နီပြည်တစ်နေရာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ၊ စစ်ဘေးရှောင် နဲ့ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေတာပါ။




