spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းစပါးဖျက်ပိုးနဲ့ ခရုတွေ ပိုမိုကျရောက်နေတာကြောင့် တောင်သူတွေကို နည်းပညာသင်တန်းပေးဖို့ IEC ကလုပ်ဆောင်နေ

စပါးဖျက်ပိုးနဲ့ ခရုတွေ ပိုမိုကျရောက်နေတာကြောင့် တောင်သူတွေကို နည်းပညာသင်တန်းပေးဖို့ IEC ကလုပ်ဆောင်နေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က တောင်သူတွေရဲ့ လယ်ယာစပါးခင်းတွေမှာ ယခုနှစ်အတွင်း စပါးဖျက်ပိုးနဲ့ ခရုတွေ ပိုမို ကျရောက်နေတာကြောင့် တောင်သူတွေကို နည်းပညာ သင်တန်းပေးဖို့ လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန၊ ဌာနမှူးကြီး ခူးတူရယ်က ကန္တာရဝတီတိုင်း ( မ် ) ကိုပြောပါတယ်။

“ပိုးကတော့ ဧကတိုင်းကျတယ်။ ခရုကတော့ ဧကပေါင်း ၅၀၀ နဲ့ ၁၀၀၀ ကြားတော့ ရှိတာပေါ့။ ပိုးကတော့ အခင်းတိုင်းမှာကျတယ်။ ဒါပေမယ့်လို့ ကာကွယ်နိုင်တယ် ခုခံနိုင်တယ် ပြောတဲ့အခါမှာ စပါးစိုက်တဲ့ နည်းစနစ်ပေါ်မှာလည်း မူတည်တယ်။ နည်းပညာတွေ လက်တွေ့တွေ လုပ်သွားဖို့တော့ရှိမယ်။ နောက်တခုက လက်ကမ်းစာစောင်တွေကို ဖြန့်ဝေသွားဖို့လည်း ရှိတယ်။”လို့ ခူးတူရယ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လအတွင်း ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်း နဲ့ လွိုင်နန်းဖ ၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှာ တောင်သူတွေရဲ့ လယ်ယာခင်းထဲ ပိုးကျတာ၊ ခရုကိုက်ဖြတ် ဖျက်ဆီးတာကို ခံနေရတာပါ။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာလည်း နွေစပါးကို စိုက်ပျိုးကြတဲ့ ဒေသခံတောင်သူတွေဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း ခရုတွေရဲ့ဖျက်ဆီးမှုကြောင့် စပါးခင်းဧက ၁၀၀၀ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စပါးဖျက်ပိုးနဲ့ ခရုတွေကို နှိမ်နင်းဖို့ ပိုးသတ်ဆေးဖြန်းတာကို လုပ်ဆောင်ပေမယ့် မပျောက်ကင်းနိုင်ဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။

“စိုက်ပြီးတဲ့ချိန် တစ်လအတွင်းပေါ့ အပင်နုတဲ့ချိန်ဆို ဖျက်တယ်။ ဒါပေမယ့် ဒီချိန် ရက် ၅၀ ကျော်လာရင်တော့ အဲ့လောက်ထိ မဖျက်နိုင်တော့ အပင်တွေက ရင့်သွားတဲ့ပုံစံမျိုးဆိုတော့။ ဘယ်လိုဖြေရှင်းကြလဲဆို ဆေးနဲ့ဖြန်းတာရှိသလို ရေကိုမသွင်းတော့ဘဲနဲ့ အခြောက်ထားတဲ့ပုံစံမျိုးလည်း လုပ်တာရှိတယ်။ ခရုတွေ ဂဏန်းတွေက ရေရှိလို့ရှိရင် တက်လာတယ်လေ ရေပြန်ထုတ်ရင်တော့ မြေကြီးအောက်မှာပဲ ပြန်ပုန်းနေတာပေါ့။”လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံတောင်သူတစ်ဦးက ပြောပါတယ်။

တာဝန်ရှိသူတွေကတော့ ရေရှည်စီမံချက်ချပြီး စပါးခင်းထဲ ပိုးကျရောက်မှုကို ဖြေရှင်းဖို့၊ တောင်သူတွေကို နည်းပညာသင်တန်းပေးတာကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ အဆိုပါ ဒေသခံတောင်သူတစ်ဦးက ဆက်ပြောပါတယ်။

” ကျနော့်အနေနဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာအပိုင်းတော့ လိုတယ်ပေါ့နော။ ဘာလို့ဆိုတချို့ဟာတွေက ပိုးကျတယ် မကျဘူးဆိုတာ စပါးပင်ကြည့်တဲ့အချိန်မှာ သေသေချာချာမခွဲခြားတတ်ဘူး။ တကယ်လို့ ပိုးကျရင်လည်း ဘယ်ဆေးဖြန်းရမလဲ၊ ဘယ်လောက်နှုန်းထားနဲ့ ဖြန်းရမလဲဆိုတာ မသိကြသေးဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စိုက်ပျိုးရေးကော ပိုးသတ်ဆေးကော အကုန်လုံးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချပေးရင်တော့ ပိုပြီးတော့ အဆင်ပြေမလားပေါ့နော။” လို့ သူက ပြောပါတယ်။

စပါးကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြတာဖြစ်လို့ ခရု၊ ဂဏန်း က ကိုက်ဖျက်နေတာကြောင့် အပင်သေတာ၊ မသန်တာ၊ အထွက်နှုန်းကျတာတွေဖြစ်လာရင် တောင်သူတွေရဲ့ ရေရှည် စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ