ကန္တာရဝတီတိုင်း (မ်)
စစ်ကောင်စီပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ မှာ ယာဥ်လိုင်းတွေ ပြန်ပြေးဆွဲနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
“ဖြတ်လို့တော့ရတယ်။ မှတ်ပုံတင်ပါရင်ရတယ်တဲ့။ ဒါပေမဲ့ ရစ်ချင်တဲ့လူဆိုလဲ ပေးမဝင်ဘူးတဲ့။ လိုင်းကားလည်းဆွဲတယ်။ ရန်ကုန်-လွိုင်ကော်တွေ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ပြည်ထောင်စုလမ်းမကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက ယာဥ်လိုင်းတွေ ပြန်ဆွဲနေတာဖြစ်တယ်လို့ ယာဥ်လိုင်းပြေးဆွဲသူတွေကလည်း လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြကြပါတယ်။
ယာဥ်လိုင်း အမျိုးအစားပေါ်မူတည်ပြီး ပြေးဆွဲတဲ့ ရက်တွေ မတူညီကြသလို နေ့စဥ်ပြေးဆွဲနေတဲ့ ယာဥ်လိုင်းလည်းရှိနေတာကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ယာဥ်လိုင်းဆွဲသူတွေပြောချက်အရသိရပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ဆက်သွယ်ရေးလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်နေပြီး လွိုင်ကော်မြို့ ကနေ ဟိုပုံး၊ တောင်ကြီး၊ အောင်ပန်း နဲ့ ကလော စတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို သွားလာနိုင်ပြီဖြစ်တယ်လို့လည်း စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
လက်ရှိမှာတော့ ဖယ်ခုံမြို့အတွင်း ဒေသခံတစ်ချို့ပြန်လာနေထိုင်ကြပေမဲ့ စစ်ကောင်စီ တပ်ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေကတော့ ပြန်လာမနေကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်ရဖို့ လေကြောင်း၊ လက်နက်ကြီး ၊ ဒရုန်းတွေ အသုံးပြုခဲ့သလို မီးလောင်ဗုံး၊ အဆိပ်ငွေ့ဗုံးစတာတွေကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့တာပါ။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ မှာကတည်းက ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ၈လ အကြာ၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။