spot_img
26.1 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ကလေးတွေ ခွေးကိုက်ခံနေရတာ ဆက်တိုက်ဖြစ်လာတာကြောင့် မိဘများ စိုးရိမ်မှုရှိနေ

ဒီးမော့ဆိုအနောက်ခြမ်းမှာ ကလေးတွေ ခွေးကိုက်ခံနေရတာ ဆက်တိုက်ဖြစ်လာတာကြောင့် မိဘများ စိုးရိမ်မှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ သြဂုတ်လ (၁၀) ရက်နေ့က ဒီးမော့ဆိုအနောက်ခြမ်းရှိ ကျေးရွာတရွာမှာ ဆယ်နှစ်အရွယ်ကလေးငယ် တစ်ဦး ခွေးကိုက်ခံရတယ်လို့ အဆိုပါ ကလေးငယ်ရဲ့ အုပ်ထိန်းသူဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလဲ ကလေးတွေဟာ ခွေးကိုက်ခံခဲ့ရတာတွေရှိသလို ခွေးရူးတွေ တွေ့တယ်ဆိုပြီး သတ်လိုက်ရတဲ့ဖြစ်စဉ်တွေ ရှိနေတာကြောင့် အခုလို ကလေးငယ်တွေ ဆက်တိုက်ခွေးကိုက်ခံလာရတဲ့အပေါ် စိုးရိမ်မှုတွေ ရှိလာတယ်လို့ အဆိုပါ ကလေးငယ်ရဲ့ အုပ်ထိန်းသူတစ်ဦးက ပြောပါတယ်။

“ခွေးက ဆယ်ရက်နေ့မှာ ကလေးကို ကိုက်သွားတယ်။ ကိုက်တဲ့အချိန်လဲ နည်းနည်းမှောင်သွားပြီ။ ကျမတို့ စကားထိုင်ပြောရင်းနဲ့ ခွေးက ကလေးကို လာလာနမ်းပြီး ကလေးက လှန့်ပြီး ခုန်လိုက်‌တော့ ခွေးကလဲ ကုတ်ကုတ်ပြီး ကိုက်လိုက်တာ” လို့ ကလေးရဲ့ အုပ်ထိန်းသူ တစ်ဦးက ပြောပါတယ်။

ခွေးကိုက်ခံရတဲ့ အဆိုပါ ကလေးငယ်ရဲ့ မိသားစုဟာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အကိုက်ခံရတဲ့ ကလေးငယ်အတွက် ပိုင်ရှင်က ကာကွယ်ဆေးထိုးဖို့ လိုအပ်တာတွေကို တာဝန်ယူ ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးတစ်လုံးကို လေးသောင်း (၄၀၀၀၀) ကျပ် စျေးရှိပြီး အနည်းဆုံး သုံးလုံးထိုးရတယ်လို့ အုပ်ထိန်းသူဆီကနေ သိရပါတယ်။

“ကလေးအပေါ် စိတ်ပူရတယ်ပေါ့။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းကလဲ ခွေးရူးလဲ တစ်ကောင်နှစ်ကောင် သတ်ထားတာရှိတော့ ကလေးကို ကျောင်းစောစော မသွားခိုင်းရဲဘူး။ လိုအပ်ရင် လိုအပ်သလို ကျောင်းပို့တာတွေကို တချို့မိဘတွေက လုပ်လာတယ်။ ” လို့ ခွေးကိုက်ခံရတဲ့ ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အဆိုပါ ကျေးရွာမှာပဲ ခွေးကိုက်ခံရတဲ့ ကလေးသုံးဦးအထိရှိခဲ့ပြီး ယခုနှစ်မှာတော့ ခွေးကိုက်ခံ ရတဲ့ ကလေး နှစ်ဦးထိ ရှိလာပြီဖြစ်တယ်လို့လဲ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးစျေးကြီးတာ၊ ဝယ်ယူရ ခက်ခဲတာတွေကြောင့် ပိုမိုစိုးရိမ်ကြရတာဖြစ်တယ်လို့ ကလေးငယ်တွေရဲ့ အုပ်ထိန်းသူတွေက ပြောကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ