ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက လူထုနေအိမ်တွေကို စစ်ကော်မရှင်နဲ့ ပြည်သူ့စစ် PNO ပူးပေါင်းတပ် တို့ မီးရှို့ဖျက်ဆီးတာကြောင့် ၁၀ ရက်ဝန်းကျင်အတွင်း လူထုနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ဆီဆိုင်မြို့နယ်အတွင်းက နောင်ထော်ကယန်းပိုင်း နဲ့ နောင်ဗို ကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာပါ။
“အဲ့ဒီ နောင်ထော်ကယန်းပိုင်းကလည်း တော်တော်များများ ရှို့ခံခဲ့ရတယ်။ နောင်ထော် ၊ နောင်ဗို စုစုပေါင်း ၂ ရွာပေါင်း ၁၀၀ ကျော်တယ်လို့တော့ သတင်းပို့လာတယ်။ အတိအကျ ဘယ်နှစ်အိမ်လဲဆိုတာတော့ စာရင်းချုပ်မရသေးဘူးပေါ့နော်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။
နောင်ဗိုကျေးရွာအတွင်းမှာတော့ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး နောင်ထော်အုပ်စု၊ ကယန်းပိုင်းရပ်ကွက်မှာတော့ နေအိမ်ပျက်စီးမှုစာရင်းကို အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကစပြီး အင်အား (၁၀၀၀) ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့ပြီးနောက် တစ်ပတ်ကျော်ကြာတဲ့အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် လူထုနေအိမ်တွေကို မီးရှို့ခဲ့ကာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ နောင်ထော်ကျေးရွာမှာရှိတဲ့ ကယန်းပိုင်းရပ်ကွက် နဲ့ နောင်ထော် ကုလားလမ်းကျေးရွာက နေအိမ် ၂၄လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်က ဒေသအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပေမယ့် လူထုနေအိမ်တွေကို ဆက်လက် မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို လက်ရှိအချိန်ထိ နောင်ထော် ၊ နောင်ဗိုအပြင် တပူးထိုကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ ထံကနေ သိရပါတယ်။