ကန္တာရဝတီတိုင်း(မ်)
မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်မှာ စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆိုမြို့နယ်အတွင်း တနေရာကို ကျရောက်ပေါက်ကွဲပြီး အရပ်သား ၃ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“မနေ့ညက ၁၀ နာရီခွဲလောက်မှာ ပစ်တာ။ သူတို့နေတဲ့ အိမ်ပေါ်ကို ကျတာ။ တမိသားစုလုံး ထိသွားတယ်လေ။ အဖွားနဲ့ လင်မယား က ဆုံးသွားတယ်။ ကလေးတွေလဲ ထိခိုက်ထားတယ်လေ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထိခိုက်သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသူတွေဟာ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ အဆိုပါ မိသားစုဝင်တွေ နေထိုင်တဲ့နေရာဟာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေ ရှိရာနေရာတွေကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့မှာလည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက အရပ်သားရှိရာနေရာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။