ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် နမ့်ကွတ်ရပ်ကွက်မှာ ရေဆော့ကစားရာကနေ ၁၂ နှစ်အရွယ် ကလေးတစ်ဦး မတော်တဆ ရေနှစ်သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့မနက်မှာ ရေဆော့ကစားရာကနေ မတော်တဆ ရေနစ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကလေးက နန့်ကွတ်ရေမြုပ်တဲ့ နေရာမှာမနက် ၁၀နာရီလောက်က ရေဆော့တာ နစ်သွားတာ။ ညနေ ၄ နာရီဝန်းကျင်မှာမှ ပြန်ပေါ်လာလို့ ဆယ်လို့ရတယ်။”လို့ ဒေသခံအမျိုးသမီး တစ်ဦးက ဆိုပါတယ်။
အဆိုပါ ရေနစ်သေဆုံးခဲ့သူ ကလေးဟာ လွိုင်ကော်မြို့ နမ့်ကွတ် ရပ်ကွက်မှာနေတဲ့ အသက် ၁၂ နှစ်အရွယ် မောင်ဇင်မျိုးဖြစ်ကြောင်းကိုလည်း ရွှေညောင်ပင် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူဖြစ်တဲ့ (Ko Kyaw Gyi) လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာရှိပါတယ်။
လွိုင်ကော်မှာတော့ မိုးဗြဲဆည်ကနေ လွတ်ချလာတဲ့ ရေတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ကတည်းက ရေတက်လာသလို စက်တင်ဘာလအတွင်းမှာ မိုးများပြီး ဘီလူးချောင်းရေတွေ မြင့်တက်လာတာရှိတယ်လို့ ဆိုပါတယ်။
ရပ်ကွက်အချို့ဖြစ်တဲ့ နန့်ကွတ်၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ မင်းစု ၊ ရွှေတောင် စတဲ့ ရပ်ကွက်တွေမှာလည်း ရေမြင့်တက်ကာ ရေနစ်မြုပ်နေတာတွေရှိပြီး အခြားသော ရပ်ကွက်တွေဆီ ရွှေ့ပြောင်းကြတာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နှစ်စဥ်နှစ်တိုင်း လွိုင်ကော်မြို့ပေါ် က ရပ်ကွက်အချို့တွေမှာရေမြင့်တက်မှုတွေဖြစ်လေ့ရှိတာကြောင့် မိဘတွေအနေနဲ့ မပေါ့ဆပဲ အထူးသတိထားစေလိုကြောင်းကိုလည်း အဆိုပါ ဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောဆိုထားပါတယ်။