ကန္တာရဝတီတိုင်း(မ်)
ဘီလူးချောင်းရေမြှင့်တက်လာတာကြောင့် ရှမ်း – ကရင်နီနယ်စပ်က လယ်ယာစိုက်ခင်း၊ စပါးခင်းတွေ ရေနစ်မြှုပ်မှုနဲ့ ကြုံတွေ့နေရပြီး ရေကြီးတဲ့ကြားကနေ စပါးရိတ်သိမ်းနေရတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
“ရေတက်တာကြာပြီ တက်ဆင်း တက်ဆင်းပေါ့။ မိုးရွာလေလေ ပိုတက်လေလေပေါ့။ လူနဲ့ပဲ ရိတ်ရတယ်ပေါ့။ ဒီလိုပဲ ရိတ်ရိတ်ပြီး မိုးကာထဲပစ်ထည့်ပြီး လူနဲ့ပဲ ပြန်ဆွဲလာရတာပေါ့” လို့ ဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
ရေမြုပ်ပြီး စပါးတွေ ပျက်စီးသွားမှာစိုးရိမ်တဲ့အတွက် ဒေသခံတွေဟာ စပါးအစိမ်းတွေနဲ့ ရိတ်သိမ်းချိန်မတန်သေးတဲ့ စပါးပင်တွေကို အလောတကြီး ရိတ်သိမ်းနေရတယ်လို့လည်း သူကဆက်ပြောပါတယ်။
အခုလို လယ်ယာစိုက်ခင်းတွေ နစ်မြုပ်သွားတာကြောင့် စပါးရိတ်သိမ်းတဲ့အခါ ရသင့်သလောက်မရတော့ဘူးလို့ ဆိုပါတယ်။ လယ်ယာတစ်ဧကအတွက် မျိုးစေ့၊ မြေဩဇာ ၊ လုပ်အားခ စတဲ့ ကျန်ကျစရိတ်က အနည်းဆုံး ရှစ်သိန်း ဝန်းကျင် ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။
တချို့တောင်သူတွေကတော့ ငွေကြေး ချေးငှားပြီး လယ်ယာစိုက်ပျိုးရတာဖြစ်တာကြောင့် အခုလို စပါးခင်း ရေနစ်မြှုပ်မှုနဲ့ကြုံတွေ့ရတာက အခက်အခဲဖြစ်တယ်လို့ နောက်ထပ် ဒေသခံတောင်သူတစ်ဦးက အခုလိုပြောပါတယ်။
“စားဝတ်နေရေးကော ဒုက္ခရောက်တယ်ပေါ့။ အကြွေးလဲ ပြန်ဆပ်ရမယ့်ဟာလည်း မရနိုင်တော့ဘူးလေ အကြွေးနဲ့ပဲ လုပ်သွားတယ်ကော။ နောက်တစ်နှစ်ပြန်လုပ်ဖို့ လယ်တွေက မလုပ်နိုင်တော့ဘူးလေ။ လယ် ပြန်ရောင်းကြမှ ရမှာပေါ့။ အခက်အခဲတော့ အများကြီးရှိတယ်ပေါ့။ စားဝတ်နေရေး မကဘူး သားသမီးတွေအတွက်ပါ ပြန်စဉ်းစားရတယ်ပေါ့” လို့ သူက ဆိုပါတယ်။
လယ်ယာစပါးကို အဓိက စိုက်ပျိုးတဲ့ ကျေးရွာ (၁၅) ရွာထက်မနည်းက ဒေသခံတောင်သူတွေဟာ ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတဲ့အတွက် လာမယ့်နှစ် စားဝတ်နေရေးကိုလည်း စိုးရိမ်ပူပန်နေကြတယ်လို့ ပြောပါတယ်။
ရှမ်း – ကရင်နီနယ်စပ်မှာ ပြီးခဲ့တဲ့နှစ်ကလည်း မုန်တိုင်းအရှိန်ကြောင့် စပါးခင်း ထောင်နဲ့ ချီ နစ်မြှုပ်ပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။