spot_img
19.1 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းရွာလုံးကျွတ် ပြောင်းရွေ့ရတာ တစ်နှစ်ခွဲကြာပြီဖြစ်တဲ့ ကိုကွေရွာ အကူအညီများ လိုအပ်နေဆဲ

ရွာလုံးကျွတ် ပြောင်းရွေ့ရတာ တစ်နှစ်ခွဲကြာပြီဖြစ်တဲ့ ကိုကွေရွာ အကူအညီများ လိုအပ်နေဆဲ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကိုကွေကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ကျေးရွာအတွင်း မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ် ပြောင်းရွေ့နေထိုင်ခဲ့ကြရပါတယ်။

ပြောင်းရွေ့နေထိုင်ရတာ တစ်နှစ်ခွဲကြာပြီ ဖြစ်ပေမယ့် အကူအညီတွေ လိုအပ်နေဆဲပဲလို့ သိရပါတယ်။

လက်ရှိမှာတော့ ကလေးတွေ စာသင်ကြားနိုင်ဖို့ ကျောင်းရဲ့ အမိုးအကာနဲ့ ဗလာစာအုပ်တွေ ပိုမိုလိုအပ်နေဆဲဖြစ်တယ်လို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“အဲဒီ မိုးကာတို့က ပြီးခဲ့တဲ့ လ က အကူအညီရထားပေမယ့် သူ့ဟာ မလောက်ဘူးလေး။ သွပ်မိုးနဲ့ တခြမ်းတွဲခါကျတော့ ကုန်းပေါ်မှာတို့နော်။ လေတအားတိုက်တော့ သူ့ဟာ မိုးကာနဲ့ သွပ် ပြန်ထိတော့ ခနခန စုတ်တယ်လေး၊ မိုးကြီးရင် ကျောင်းခန်းထဲ အကုန်လုံး ပြန်စိုကုန်တယ်။” လို့ အဆိုပါ ကျောင်းဆရာမ က လက်ရှိအခြေအနေ ကို ပြောပြပါတယ်။

လက်ရှိ စာသင်ကြားနေတဲ့ ကိုကွေကျေးရွာသစ်က မူလတန်းကျောင်းမှာတော့ မိုးကာ လုံလောက်မှု မရှိတဲ့အတွက် စာသင်ကြားချိန်မှာ ကလေးတွေ မိုးစိုတာတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း မိုးရွာသွန်းနေဆဲဖြစ်တဲ့အတွက် ကျောင်းဆောင်ပြုပြင်လိုတယ်လို့ အဆိုပါ ကျောင်းဆရာမ က ဆက်ပြောပါတယ်။

မြေပြိုမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာက ပစ္စည်းတွေသယ်ယူဖို့အတွက်လဲ မြေပြိုမှုကြောင့် လမ်းပိတ်သွားတဲ့အတွက် သယ်ယူဖို့ အခက်အခဲ ရှိတာကြောင့် အကူအညီတွေ လိုအပ်နေတာပါ။

“ကျောင်း အဟောင်းကို မဖြုတ်ရသေးဘူးလေး၊ အဲဒါ သယ်ဖို့ ရှိသေးတယ်၊ မြေပြိုတော့ လမ်းမရှိတော့လို့ သယ်လို့မရဘူး။” အဆိုပါ ကျောင်းဆရာမ က ဆက်ပြောပါတယ်။

ကိုကွေကျေးရွာမှာတော့ ဒေသခံ အိမ်ခြေ ၂၈ အိမ်နဲ့ စစ်ဘေးရှောင် အိမ်ခြေ ၁၉ အိမ်ရှိပြီး၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ ကလေးဦးရေ ၅၀ ကျော်ကို ဆရာ/မ ၆ ဦးက စာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ