spot_img
19.1 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းထိုင်းအစိုးရကပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းက လူထုတွေအတွက် FED မှ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေး

ထိုင်းအစိုးရကပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းက လူထုတွေအတွက် FED မှ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေး

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်းအစိုးရက‌နေ စီစဉ်ဆောင်ရွက်ပေးတဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ အသိပညာပေးဟောပြောပွဲ အစီအစဥ်တရပ်ကို ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့က ကရင်နီ အမှတ်(၁) ဒုက္ခသည်မှာ ပြုလုပ်သွားခဲ့ပါတယ်။

ကရင်နီအမှတ်(၁) ဒုက္ခသည် စခန်းမှာ နေထိုင်ကြတဲ့ လူထုတွေအတွက် အဓိကလာရောက် ဟောပြောပေးရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး FED ရဲ့ အမှုဆောင် ဒါရိုက်တာ ဆရာထူးချစ် က ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရည်ရွယ်ချက်က အလုပ်သွားလုပ်ချင်တဲ့ ကျနော်တို့ ကရင်နီ ဒုက္ခသည်စခန်းက လူတွေကို ကျနော်တို့ ပေးနေကျ ပြင်ပထွက်ခွာ သိကောင်းစရာပေါ့။ သူတို့ သိသင့်သိထိုက်တဲ့ ထိုင်းနိုင်ငံရဲ့ အခြေအနေလေးတွေကို လာပြောပေးတာပေါ့” လို့ ဆရာထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ တရားဝင်အလုပ်လုပ်ခွင့်ပေးကြောင်း ထိုင်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ ကတည်းက ထုတ်ပြန်ခဲ့တာပါ။

အခုလို အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာတဲ့အတွက် ဝမ်းသာပြီး စီစဉ်ဆောင်ရွက်ပေးတဲ့ ထိုင်းအစိုးရတွေကို ကျေးဇူးတင်သလို အသေးစိတ် လာရောက်ရှင်းပြပေးသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဟောပြောပွဲအစီအစဥ်မှာ တက်ရောက်လာသူ မရိုစီ က အခုလို ပြောပါတယ်။

“အခုလို အခွင့်အရေး ရတဲ့အတွက် အရမ်းကို ဝမ်းသာတယ်။ ဒါက လူအနည်းစုအတွက် မဟုတ်ဘူး။အများစုအတွက် ဖြစ်တယ်။ ဒါကြောင့် ထိုင်းအစိုးရတွေကိုလည်း ကျေးဇူးတင်တယ်။ ကျမတို့ရဲ့ စားဝတ်နေရေးလည်း ရှေ့ဆက်ပြီးတော့မှ အဆင်ပြေမယ်လို့တော့ ကျမ ထင်တယ်။ အခုလို ဟောပြော ပေးတဲ့အတွက် အကြောင်းစုံ သိရတယ်။ အများကြီးလည်း ကျေးဇူးတင်တယ်” လို့ တက်ရောက်လာသူ မရိုစီ က ပြောပါတယ်။

ဟောပြောပွဲအတွင်း တက်ရောက်လာခဲ့သူ နောက်တစ်ဦးဖြစ်တဲ့ ဒေါ်ငါးမိုက အလုပ်လုပ်ကိုင်ခွင့်ရတဲ့အပေါ် သူမရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီမှာ ရောက်လာကြတဲ့ ဒုက္ခသည် အကုန်လုံးက ဝမ်းစာအတွက် မဖူလုံဘူးပေါ့နော်။ စားဖို့သောက်ဖို့အတွက် မနည်းရုန်းကန်ရတဲ့ အခြေအနေ ဖြစ်တယ်။ အခုက သူများပေးတာနဲ့ပဲ စားရ‌တော့ မလုံမလောက်လည်း ရှိတယ်။ အခက်အခဲလည်း အများကြီး ရှိတယ်။ ပြီးတော့ ကျန်းမာရေး က မပေးတော့ဘူး။ ဆေးဝါးတွေက မရှိတော့ဆိုတော့ ကျန်းမာရေး မကောင်းလို့ တစုံတခုဖြစ်ရင် အရမ်းစိုးရိမ်ရတယ်။ ဆေးဖိုးဝါးခလည်း မရှိဘူး။ မရှာနိုင်ဘူး။ ကျန်းမာရေး ကောင်းဖို့အတွက် ဟင်းကောင်းတွေ ဘာတွေ ဝယ်မစားနိုင်ဘူး။ အဲ့လိုမျိုးပေါ့။ တော်တော်လေး ခက်ခဲတယ်။ ဒါကြောင့် ဒီအလုပ်တွေ ရဖို့အတွက် မျှော်လင့်ပါတယ်” လို့ ဒေါ်ငါးမို က ပြောပါတယ်။

မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချဘူရီ၊ ရတ်ချဘူရီ စတဲ့ ခရိုင်လေးခု ရဲ့ အပြင်ဖက်ကို အလုပ်ထွက်လုပ်ရမှာ ဖြစ်တာကြောင့် အဲ့ဒီခရိုင်တွေကနေ ထွက်ခွာခွင့်တောင်းခံရမှာဖြစ်ပြီး ပြည်နယ်ကျန်းမာရေးရုံးကနေ ကျန်းမာရေး အာမခံချက် လက်မှတ်တွေကို ရယူရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ