spot_img
26.2 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား၊ လူထုတွေ လုံခြုံရေး စိုးရိမ်နေကြ

ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား၊ လူထုတွေ လုံခြုံရေး စိုးရိမ်နေကြ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်မဲသင်းကျေးရွာမှာ စစ်ကော်မရှင်တပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေတင်းမာတာကြောင့် လူထုတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“စိုးရိမ်ရတာတော့ လက်နက်ကြီးတွေပေ့ါ။ တချို့ လည်း အသေခံဒရုန်းတွေ အရင်က လာချခဲ့တာတွေ ရှိတယ်လေးနော်။ အဲ့ဒါစိုးရိမ်ရတဲ့ဟာမျိုးဖြစ်တယ်။ သီတင်းကျွတ်ကာလလည်း ဖြစ်တဲ့အတွက် ဒီဖက်မှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အုပ်စုတွေ များတော့ လူစုလူဝေးရှိတဲ့ နေရာကို လေယာဥ်နဲ့ ဒရုန်းတွေ ကြဲမှာလည်း စိုးရိမ်ရတယ်။ “ လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ ကိုရာဇာက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ နေ့လည်အချိန်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

“သီတင်းကျွတ်လပြည့်ကျော်၁ရက်နေ့၊ နေ့လည်လောက်ကစလို့ တောင်မဲသင်းရွာအနီး နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး ယခုချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။ တိုက်ပွဲအနီးနားရှိ ကျေးရွာပြည်သူများအနေဖြင့် လုံခြုံရေးအထူးဂရုစိုက်ကြပါ။” လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ ကိုရာဇာက က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်ကော်မရှင်တပ်က အရပ်သားတွေရှိတဲ့ ကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကို လေယာဥ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတာတွေ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နိုင်တာကြောင့် လူစုလူဝေး မလုပ်ကြဖို့ကိုလည်း ကိုရာဇာက ဖြည့်စွက်ပြောဆိုထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ ထိုးစစ်တွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကတည်းက ဖယ်ခုံအနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ (၅) ရွာ ထက်မနည်း တိမ်းရှောင်နေရပါတယ်။

တောင်မဲသင်းကျေးရွာနဲ့ အနီးအနားကျေးရွာက လူထုတချို့ တိမ်းရှောင်ကြပေမယ့် တချို့ကျေးရွာကတော့ နေထိုင်ကြဆဲ ဖြစ်ပါတယ်။ တိမ်းရှောင်ကြတဲ့ လူထုတချို့လည်း စိုက်ပျိုးထားတဲ့ စပါးတွေကို ပြန်လာရိတ်သိမ်းနေတာကြောင့် လုံခြုံရေး သတိထားကြဖို့ကို စစ်ရှောင်ကူညီသူတွေက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ