ကန္တာရ၀တီတိုင်း (မ်)
ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ခြမ်းတစ်နေရာက ဖယ်ခုံ နဲ့ မိုးဗြဲ စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ နေရာမှာ မိုးရာသီအကုန် လာမယ့် ရာသီတွေမှာ ရေအခက်အခဲဖြစ်လာနိုင်တာကြောင့် ရေသွယ်ယူနိုင်ဖို့ ရေပိုက်အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီ၀င် တစ်ဦးက ပြောပါတယ်။
“ခါတိုင်းဆိုရင် ကျနော်တို့က ရွာထဲကရေကိုပဲ အတူတကွသုံးတယ်ပေါ့နော်။ အရင် နှစ်ဆို စစ်ရှောင်က အိမ်ခြေ တစ်ရာဝန်းကျင်နဲ့ ရွာခံက ငါးဆယ် ဝန်းကျင်ရှိတယ်ဆိုတော့ ရွာထဲမှာ ရှိတဲ့ရေကို ကျနော်တို့သုံးတာ လောက်သေးတယ်ပေါ့။ ဒီနှစ်တော့ စစ်ရှောင်တောင်မှ သုံးရာနဲ့ လေးဆယ်ရှိပြီ ရွာခံလဲ ငါးဆယ်လောက်ဆိုတော့ လေးရာဝန်းကျင်လောက်ရှိပြီဆိုတော့ ရွာထဲမှာရှိတဲ့ ရေပဲ ကျနော်တို့သုံးမယ်ဆိုရင် မလောက်နိုင်တော့ဘူးပေါ့။အဓိက ကတော့ ရေလုံးဝ မလောက် နိုင်တော့ဘူးပေါ့နော်။ ရွာထဲမှာရှိတဲ့ လူပဲ သုံးရင်တောင် မလောက်နိုင်တဲ့ အနေထားရှိနေတော့ ကျနော်တို့ ရေပိုက်ရရင်တော့ စောနက အခက်ခဲကိုဖြေရှင်းနိုင်မယ်” လို့ ကော်မတီ၀င် တစ်ဦးက ပြောပါတယ်။
အဆိုပါ နေရာမှာ ကျေးရွာခံနဲ့ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင် လူဦးရေ (၁၄၀၀)ဝန်းကျင် ရှိပါတယ်။ လူဦးရေ များပြားတာကြောင့် ရှိနှင့်ပြီးသား ရေအရင်းအမြစ်က မလုံလောက်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ မိုးရေကို စုဆောင်းပြီး အသုံးပြုနေကြတာပါ။
အခုလို ရေမလုံလောက်တဲ့အတွက် ကြုံတွေ့လာနိုင်တဲ့ အခက်ခဲတွေကိုလည်း နောက်ထပ် စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက အခုလို ပြောပါတယ်။
“အခက်ခဲ ရှိတာပေါ့။ ဘယ်လိုရှိလဲဆိုတော့ စစ်ရှောင်ကျတော့ အိုးအိမ်ထားပြီး ပြေးနေရတယ်လေ။ အကယ်၍ သူတို့က ရေမလောက်ဘူးဆိုရင် သူတို့က ရေဝယ်ရမှာ။ ရေဝယ်ရမယ်ဆိုတော့ စိုက်ထုတ်ရမယ့် ပိုက်ဆံ ရှိတာပေါ့လေ။ သူတို့ တစ်ပိုင်တစ်နိုင် စီးပွားရေးမရှိတဲ့အတွက် ပြီးတော့ ကိုယ့်နေရာဒေသ မဟုတ်တဲ့အတွက် သူတို့ ဝင်ငွေလည်း မရှိဘူး” လို့ သူက ဆိုပါတယ်။
စစ်ရှောင်စခန်းရှိရာကနေ ရေသွယ်ယူရမယ့်နေရာက ခန့်မှန်းခြေအားဖြင့် ပေပေါင်း ၁ သောင်း ဝန်းကျင် ရှိပြီး ရေပိုက် (၃၃) လိပ်ကျော် လိုအပ်နိုင်တယ်လို့လည်း သူက ခန့်မှန်းပြောပါတယ်။