ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းကို ဩဂုတ်လကစပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုရှိလာတဲ့အတွက် ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ကျေးရွာတရွာဟာ တိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
တိမ်းရှောင်နေတာ တလကျော် ကြာလာပြီး လက်ရှိမှာတော့ တကိုယ်ရည် သန့်ရှင်းရေးအတွက် အသုံးအဆောင်ပစ္စည်းတွေ ဝယ်မရလို့ အကူအညီ လိုအပ်နေကြတာပါ။ ဒါ့အပြင် ဆန်ရိက္ခာလဲ အကူအညီလိုအပ်နေတယ်လို့ တိမ်းရှောင်နေရတဲ့ ကျေးရွာအတွက် အကူအညီ ရှာဖွေပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စာရင်းတင်ထားတာ ခုထိ ဘာမှမကြားရဘူး။ အကယ်၍ တခြားအကူညီရှိရင် အမြန်လုပ်ခိုင်းချင်တယ်။ အဓိက ကလေးအတွက်ပေါ့။ လက်ရှိကတော့ တကိုယ်ရည် သန့်ရှင်းဖို့က မဝယ်နိုင်ကြတော့ဘူး။ ဆပ်ပြာတို့ကစ ဘာမှ မရှိကြဘူး။ အဝတ်လျော်လဲ ဒီတိုင်းပဲ။ ဝယ်လို့လဲ မရဘူးလေး။ ပိုက်ဆံလဲ မရှိကြဘူး။ တောတောင်ကြားမှာပဲ နေကြတယ်ဆိုတော့လေ။” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
ဒေသခံ အိမ်ခြေ ၄၀ နဲ့ အဆိုပါ ကျေးရွာအတွင်းကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင် ၁၀ အိမ်ဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ တိမ်းရှောင်ရပြီး လူဦးရေ ၁၀၀ ကျော် ရှိပါတယ်။
အဆိုပါ ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အပြင် စစ်ကြောင်းနီးကပ်လာတဲ့အတွက် တိမ်းရှောင်နေကြတာပါ။ လက်နက်ကြီးကြောင့် နေအိမ်ပျက်စီးမှု ရှိပြီး ကျွဲ၊ နွား ထိခိုက်သေဆုံးမှုလဲ ရှိတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်းကနေ တိမ်းရှောင်လာချိန်မှာ စားနပ်ရိက္ခာဖြစ်တဲ့ ဆန်ကို အနည်းငယ်သာ သယ်ဆောင်နိုင်ကြတယ်လို့ ဆိုပါတယ်။ အချိန်မီ စပါးမကြိတ်နိုင်ခဲ့ပဲ တိမ်းရှောင်နေကြရတာဖြစ်လို့ လက်ရှိမှာ ချေးငှားစားသုံးနေကြရတယ်လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။
သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာတော့ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်နေတဲ့ အသက် ၅၀ ကျော် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သလို အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီးမော့ဆို – ဖရူဆို-ဘောလခဲ ကားလမ်းမကြီး တလျှောက်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ရှိနေတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ သတိထားကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။