spot_img
23.2 C
Loikaw
Wednesday 15, October 2025
spot_img
Homeသတင်းစစ်ကော်မရှင်က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

စစ်ကော်မရှင်က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

-

ကန္တာရဝတီတိုင်း ( မ် )

ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်း၊ ခေါင်းအီကျေးရွာအုပ်စုက ဘောရန်ကျေးရွာကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်နဲ့ ပအိုဝ့်ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“နေ့လည် (၁၂)နာရီ။ ရွာသားတွေက တောင်ယာစပါး ရိတ်တယ်ပေါ့နော်။စပါးရိတ်တော့ သူတို့ (စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်) ဘောရန်ရဲ့ နမ်းနိမ့်ရွာကြား တောင်ထိပ်ပေါ်မှာ အဲ့မှာ သူတို့ပခုံးထမ်းတဲ့ လက်နက်နဲ့ အဲ့ဒါလဲပါတယ်။ ဆောင်းပြောင်းဖက်ကနေ လက်နက်ကြီး လည်း ပါတယ်။ အဆက်မပြတ်ထု (ပစ်) တယ်” လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘောရန်ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ကျေးရွာအနီးအနားမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံတွေရဲ့ နေအိမ် (၄၀) ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ ကျေးရွာက နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းတာကြောင့် ပျက်စီးမှုများပြားတယ်လို့ ဆိုပါတယ်။

ကျေးရွာခံတွေဟာ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ရတာကြောင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ရိတ်လက်စ တောင်ယာစပါးခင်းနဲ့ သီးနှံစိုက်ခင်းကို မရိတ်သိမ်းနိုင်တော့ဘဲ ကျေးရွာခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။

“အခု လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပဲ။ စားနပ်ရိက္ခာက တအားခက်ခဲတယ်ပေါ့။ ကားလမ်းလည်း မရှိတော့ ကျနော်တို့ ခြေလျင်ပဲ လာရတာပဲ။ တချို့ဆို အဝတ်အစားပဲ ပါလာတယ်ပေါ့။ စားနပ်ရိက္ခာတော့ ဘားမှ မသယ်နိုင်ဘူးလေ” လို့ ကျေးရွာခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ ဘောရန်ကျေးရွာမှာ အပေါ် ရွာနဲ့ အောက်ရွာ ရှိပြီး အိမ်ခြေ (၃၆၀) ကျော် ၊ လူဦးရေ (၁၆၀၀) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်အတွင်းမှာလည်း စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်က ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာကို ဝင်ရောက်ကာ ကျေးရွာခံတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာကို ပြုလုပ်ခဲ့တယ်လို့ KNDF က အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ