spot_img
23.9 C
Loikaw
Thursday 16, October 2025
spot_img
Homeသတင်းအေးချမ်းပြီးတိုးတက်တဲ့ တိုင်းပြည်ဖြစ်ချင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

အေးချမ်းပြီးတိုးတက်တဲ့ တိုင်းပြည်ဖြစ်ချင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

-

ကန္တာရဝတီတိုင်း (မ်)

မြန်မာနိုင်ငံကို အေးချမ်းပြီး တိုးတက်တဲ့တိုင်းပြည်ဖြစ်စေလိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ကျနော်ကိုယ်တိုင်က ကျနော့်ရဲ့ ဆန္ဒက တိုင်းပြည်အေးချမ်းပြီးတော့မှ တိုးတက်တဲ့ တိုင်းပြည်ဖြစ်ချင်တယ်။ ဘာဖြစ်လို့ ကျနော်တို့ နောက်ကျကျန်ခဲ့ရတာလဲ ။ ဒါ့ကြောင့် ဖြစ်နိုင်တာကျနော်တို့ဖက်က လုပ်ပေးမယ်။ တိုင်းရင်းသားနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်တာ လုပ်ဖို့ ပြောကြဖို့ ပြောချင်တယ်။ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီးတော့မှ လုပ်နေလို့မရဘူး” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဌ ရာထူးယူပြီး ဦးဆောင်နေတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး‌ဖော်ဆောင်မှုညှိနှိုင်းရေး‌ကော်မတီ အနေနဲ့လည်း NCA လက်မှတ်ရေးထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနှစ်ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း သုံးဖွဲ့ နဲ့ နိုင်ငံရေးပါတီ တို့နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါတွေ့ဆုံမှုတွေအတွင်း နိုင်ငံအတွင်း ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာစေရေးအတွက် ပူးပေါင်း အကောင်ထည်ဖော်ဆောင်ရွက်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက် (၄၃) ချက်ကိုပြင်ဆင်ရန်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရန်တို့ကို သဘောတူညီခဲ့ကြတယ်လို့ လည်း သူကဆက်ပြောပါတယ်။

ကရင်နီပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကတော့ NCA အခမ်းအနားမှာ စစ်ခေါင်းဆောင်ပြောစကားတွေနဲ့ပတ်သတ်ပြီး မှတ်ချက်‌ပေးစရာမရှိဘူးလို့ပြောပါတယ်။

“NCA ကတော့ ကျနော်တို့မယုံကြည်လို့ အစကတည်းကမထိုးခဲ့ဘူး KNPP အနေနဲ့က။ သူတို့ ဒီ အရင့်အရင်ကတည်းက ကျနော်တို့အယုံအကြည်မရှိခဲ့ဘူး။ နောက်မှ ဒီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ ပိုဆိုးသွားတာပေါ့။ ဆိုတော့ အဲဒီအပေါ်မှာဘာမှ မှတ်ချက်ပေးစရာတော့ သိပ်မရှိဘူး” လို့ KNPP အတွင်းရေးမှူး -၂ ခူးဒယ်နီယန်က ပြောပါတယ်။

လက်ရှိမှာလည်း ကရင်နီအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ရှိရာနယ်မြေတွေမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ကရင်နီပြည်တွင်းရှိ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာ၊ ဖရူဆိုမြို့နယ်တို့မှာ အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲ ရက်ဆက်ရှိနေပြီး အောက်တိုဘာလ ၁၄ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဘောရန်ကျေးရွာ နှစ်ရွာက လူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်း ဒေသခံလူထုတွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လာမဲ့ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးလမ်းစဥ်နဲ့ပတ်သတ်ပြီး တိုင်းရင်းသားတွေ လွှတ်တော်အတွင်းပါဝင်စေရေးအတွက် အချိုးကျ PR စနစ်ကိုကျင့်သုံးဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ