spot_img
20.2 C
Loikaw
Monday 20, October 2025
spot_img
Homeသတင်းကုန်စည်လမ်းကြောင်း ပုံမှန်မဖွင့်တာကြောင့် ဖာလာစျေးအတည်တကျ မသတ်မှတ်နိုင်သေး

ကုန်စည်လမ်းကြောင်း ပုံမှန်မဖွင့်တာကြောင့် ဖာလာစျေးအတည်တကျ မသတ်မှတ်နိုင်သေး

-

CJ/ ကန္တာရဝတီတိုင်း ( မ် )

ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပုံမှန်မဖွင့်လှစ်တာကြောင့် ဖာလာစျေးကို အတည်တကျ မသတ်မှတ်နိုင်သေးတဲ့အတွက် ကုန်တွေကို ဝယ်ယူဖို့ အခက်တွေ့နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက တောင်သူအများစုဟာ ဖာလာစိုက်ပျိုးပြိး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတဲ့အတွက် ကုန်စည်လမ်းကြောင်း ပုံမှန်ဖွင့်ဖို့ နဲ့ ဖာလာစျေး တည်ငြိမ်ဖို့ လိုလားနေကြတာပါ။

“ဖာလာဈေးကတော့ ခုအနောက်ခြမ်း ဟိုယာဖက်မှာတော့ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) စဖွင့်ထားပေးပါတယ်။ အတက်အကျအရမ်းမြန်တာကြောင့် ဈေးကတော့ပုံမှန်မရှိဘူး။ တက်ရင်တက်သလိုဝယ်ရတယ်၊ ကျရင်ကျသလို ဝယ်ရတယ်ပေါ့ မမှန်ဘူးပေါ့နော။ ခနခဏပိတ်တော့ ဖွင့်တဲ့ဖက်ကို သွားရတယ်။ ဝေးရင်ဝေးသလို ကားခတွေကလည်းပိုပေးရတော့ မကိုက်တော့ဘူးပေါ့”လို့ ဖာလာရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖာလာ(အခြောက်) ဈေးမှာ ၁ပိဿာ ၁၇၀၀၀ကျပ် အထိရှိခဲ့ပြီး ယခုနှစ်မှာတော့ ဖာလာအစိမ်း ၁ပိဿာ ၁၅၀၀ ကျပ်၊ အခြောက်၁ပိဿာ ၁၂၀၀၀ ကျပ် နဲ့ စျေးစဖွင့်ထားပြီး အဆိုပါ ဖာလာတွေကို အများအားဖြင့် တောင်ငူမြို့ဖက်ကို အဓိကထား တင်သွင်းရောင်းချတယ်လို့လည်း ဆိုပါတယ်။

“အဓိကတော့လမ်းကြောင်းပေါ်မှာပဲမူတည်တယ် ၊ လမ်းကြောင်းဖွင့်ရင် ကုန်ဈေးကတက်တယ် ၊ လမ်းကြောင်းပိတ်ရင်ဈေးကကျတယ်။ ပြီးတော့ အရှေ့က ဝယ်လက်လည်း မြဲဖို့လိုတယ်၊ ဝယ်လက် ကောင်းကောင်းလေး ဒိုင်ကောင်းကောင်းလေးရှိရင်တော့ ဈေးကပုံမှန်လေးတော့ဖြစ်နိုင်တယ်။”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ဖာလာပင်တွေဟာ နှစ်ရှည်စိုက်ပျိုးရတဲ့ အပင်ဖြစ်ပြီး ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ နှစ်စဉ် စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြတာပါ။

“အများစုကတော့ ရွာခံက ပိုများတာပေါ့နော။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ရွာခံတွေက စိုက်ထားတာကြာပြီလေ စစ်ရှောင်တွေတော့ အနည်းအကျဉ်းပေါ့။ ဆွေမျိုးတွေရှိတဲ့သူတွေက သနားပြီးတော့ပေးလုပ်တာ အဲ့မျိုးတွေ အနည်းစုလောက်ပဲရှိတယ်။ ” လို့ သူက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသဟာ တောင်ပေါ်ကုန်းမြင့်ဒေသဖြစ်ပြီး ကျေးရွာဒေသခံတွေဟာ ဖာလာ၊ နနွင်း၊ ဝဥ၊ သစ်ကြံပိုးခေါက်၊ တစ်လုံးဥနဲ့ တောင်လုံးကျော်ဥ တွေကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ