ကန္တာရဝတီတိုင်း(မ်)
လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုတွေကို အသိပညာပေးတဲ့အစီစဥ်နဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဓါတ်ပုံကမ်ပိန်း တစ်ရပ်ကို ထိုင်း-ကရင်နီ နယ်စပ် တနေရာမှာ ကျောင်းသားတွေနဲ့အတူ တတိယအကြိမ်မြောက် ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) အဖွဲ့ဆီကနေ သိရပါတယ်။
တတိယအကြိမ်ကိုတော့ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ KNYO မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“တတိယအကြိမ်ကတော့ အောက်တိုဘာ ၂၁ ရက်နေ့ ကရင်နီ နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်။ စုစုပေါင်းကတော့ အကြိမ်ရေအားဖြင့် ၃ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီ။” လို့ KNYO မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
စစ်ကော်မရှင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဓါတ်ပုံကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ က KNYO ဝန်ထမ်းကနေပြီး ပထမအကြိမ် ပြုလုပ်ခဲ့ကာ ဒုတိယအကြိမ်ကိုတော့ စက်တင်ဘာ ၃၀ ရက်နေ့က ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ် တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဓါတ်ပုံကမ်ပိန်းပြုလုပ်ရတာဟာ လူထုဆန္ဒမပါတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြသလိုတာဖြစ်တယ်လို့လည်း KNYO တာဝန်ရှိသူက ဖြည့်စွက်ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဓါတ်ပုံကမ်ပိန်းတွေအပြင် ပိုစတာကပ်တာ၊ လက်ကမ်းစာစောင်မျှဝေတာတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ KNYO အဖွဲ့ဆီကနေ သိရပါတယ်။




