ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူလူထုတွေဟာ အခု နိုဝင်ဘာလအတွင်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေကြပြီး တနေ့ကို ဆေးခန်းလာရောက်ပြသတဲ့ အရေအတွက် ပျမ်းမျှ အယောက် (၂၀) ဝန်းကျင် ရှိတယ်လို့ ကျန်းမာရေး ဆရာမတဦးက ပြောပါတယ်။
“အများအားဖြင့် ငှက်ဖျားရောဂါ အဖြစ်များကြတယ်။ ပြီးတော့ အရေပြားရောဂါနဲ့ နှာစေး၊ ချောင်းဆိုးရောဂါတွေက သက်ကြီး၊ လူကြီး၊ လူငယ်မရွေး ဖြစ်ကြတယ်။ သက်ကြီးရွယ်အို အများအားဖြင့် သွေးတိုးရောဂါလည်း အဖြစ်များတယ်။ ဒါ့အပြင် တခြားရောဂါများဖြစ်တဲ့ ယားနာမှုနဲ့ အထိအခိုက်ရှနာမှုများလည်း ရှိတယ်။ နေ့စဉ် ဆေးခန်းလာပြတဲ့ လူနာတွေ ပျမ်းမျှအားဖြင့် တရက်ကို အယောက် ၂၀ လောက်ရှိတယ်” လို့ အဆိုပါ ကျန်းမာရေးဆရာမ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ဆိုမိုဖေစိုးလေးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေထိုင်သူ အသက် ၄၀ ဝန်းကျင် အရွယ်ရှိတဲ့ အမျိုးသားတဦးကတော့ သူ့ကလေးနှစ်ယောက်လုံးဟာ ငှက်ဖျားရောဂါဖြစ်နေကြပြီး ပျောက်ကင်းသွားတာမျိုး မရှိပဲ မကြာခဏ ပြန်ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
“တယောက်က ၁၂ နှစ်၊ အငယ် ၆နှစ်၊ သူတို့ တယောက်တလှည့်စီ ဖြစ်ကြတယ်။ အကြီးက ၁၀ လပိုင်း ၂ရက်နေ့ ဖြစ်ပြီး ပြန်ပျောက်၊ အခု ပြန်ဖြစ်တယ်။ အငယ်ခါကျတော့ ၉ လပိုင်းကျော်က ဖြစ်တယ်။ ပျောက်လိုက် ဖြစ်လိုက်ပဲ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
စားဝတ်နေရေးအတွက် တောင်ယာအလုပ် လုပ်ရင်း တောထဲမှာ အမြဲအိပ်နေရသလို ခြင်ထောင်မရှိတာတွေကြောင့် ငှက်ဖျားရောဂါ ရလာပြီး လက်ရှိမှာတော့ ဆေးခန်းမှာ ဆေးကုသမှုခံယူနေရတယ်လို့ အသက် ၂၀ ကျော် ဒေသခံ လူငယ်တဦးကလည်း အခုလို ပြောပါတယ်။
” ငှက်ဖျားဖြစ်လို့ လာပြတာ ဒီတခေါက်အပါအဝင်ဆို (၃) ခေါက် ရှိပြီ။ အခုက ဆေးထိုးထားတော့ ဆေးခန်းမှာပဲ အိပ်ရတယ်။ အိပ်လို့မရ ၊ စားလို့မရ၊ စားပြီးရင်လည်း ပြန်အန်တယ်” လို့ အဆိုပါ လူငယ်အမျိုးသားက သူ့ရဲ့ လက်ရှိအခြေအနေကို ပြောပြပါတယ်။
ဆိုမိုဖေစိုးလေး(ရှားတော)မြို့နယ်မှာတော့ တတ်ကျွမ်းနားလည်ပြီး ခွဲစိတ်နိုင်တဲ့ ဆရာဝန် မရှိသေးပါဘူး။ ဒေသခံ CDM သူနာပြု ဆရာ/မ တွေ၊ သားဖွား ဆရာ/မ တွေ စုပေါင်းဖွဲ့စည်းပြီး အတတ်နိုင်ဆုံး ကြိုးစားကုသပေးနေရတယ်လို့လည်း ဆိုပါတယ်။
နေ့စဉ်နဲ့အမျှ လူနာတွေဟာ ဆေးခန်းကို ပုံမှန်လာရောက်ပြသသူတွေ ရှိနေတာကြောင့် ရေရှည်မှာ ဆေးဝါးပြတ်လပ်မှာကိုလည်း ကျန်းမာရေး ဆရာ/မ တွေက စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ နဲ့ ဇူလိုင်အတွင်းမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ (၂) ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။




