spot_img
13.5 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်မှာ နှမ်းစိုက်တောင်သူတွေ စျေးကောင်းရရှိ

ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်မှာ နှမ်းစိုက်တောင်သူတွေ စျေးကောင်းရရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး( ရှားတော ) မြို့နယ်မှာ ဒေသခံပြည်သူတွေ စိုက်ပျိုးထားတဲ့ နှမ်းစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် စျေးကောင်းရရှိကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ နှမ်းစျေးနှုန်းဟာ အနည်းဆုံး ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး ဒီနှစ်မှာတော့ အနည်းဆုံး တစ်သောင်းသုံးထောင် ရရှိတယ်လို့ နှမ်းစိုက်တောင်သူ ဒေသခံအမျိုးသမီးတဦး အခုလို ပြောပါတယ်။

“ဒီနှစ်မှာ နှမ်းပိုမိုစိုက်ပျိုးလာကြတယ်။ နှမ်းထွက်နှုန်းကလည်း အရင်နှစ်ထက် အများကြီး ပိုများလာတယ်။ ထို့အပြင် နှမ်းစျေးနှုန်းလည်း ယခင်နှစ်ထက် အများကြီးပိုတိုးလာတယ်။ ယခင်နှစ်က အများအားဖြင့် တစ်ပိဿာ ၈၀၀၀, ၉၀၀၀ ကျော် ကနေ ယခုနှစ်မှာတော့ တစ်ပိဿာ ၁၃၀၀၀၊ ၁၄၀၀၀ ထိတက်လာတယ်ပေါ့နော်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ လုံခြုံရေးအခြေအနေကြောင့် နှမ်းစိုက်ပျိုးသူတွေ နည်းပါးလာသလို စျေးကောင်းလည်း မရရှိကြဘူးလို့ ဆိုပါတယ်။ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်ဟာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်ပေမယ့်လည်း အချိန်မရွေး စစ်ကြောင်းတွေ ပြန်လည်ဝင်ရောက်လာနိုင်တာကြောင့် နှမ်းစိုက်ပျိုးတဲ့နေရာမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြောင်း နှမ်းစိုက်တောင်သူ ဒေသခံ အမျိုးသားတဦးကလည်း အခုလို ပြောပါတယ်။

“စိုးရိမ်ရတာက ဟို့….နှမ်းစလုပ်တဲ့ အချိန်ပေါ့။ နှမ်းလုပ်ရင် ဒီနှစ် ရောင်းရပါ့မလား။ နှမ်းလုပ်ရင် အလကား ဖြစ်မလား အဲ့ဒါ တခုစိုးရိမ်ရတာပေါ့နော်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ယခုနှစ်မှာတော့ နှမ်းတွေကို ဆိုမိုဖေးစိုးလေး(ရှားတော) မြို့နယ်အတွင်းမှာပဲ ပွဲစားတွေ လာရောက်ဝယ်ယူပေးသူတွေရှိသလို ၊ တချို့ကတော့ တခြားနေရာဒေသ‌တွေမှာ သွားရောက်ပို့ဆောင်ကြတာတွေလည်း ရှိနေပါတယ်။ ဆိုမိုဖေစိုးလေး(ရှားတော) မြို့နယ်မှာ ကျေးရွာပေါင်း (၂၇) ရွာ၊ လူဦးရေ ခုနှစ်ထောင်ဝန်းကျင်ရှိပြီး နှမ်းနဲ့တောင်ယာစပါးကို အဓိကထား စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ