spot_img
29.1 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းရေရှားပါးမှုကြောင့် ၅ နှစ်အောက် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော အဖြစ်များ

ရေရှားပါးမှုကြောင့် ၅ နှစ်အောက် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှော အဖြစ်များ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တနေရာမှာ ရေရှားပါးမှုကြောင့် ၅ နှစ်အောက် ကလေးငယ်တွေ တလအတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု အယောက် ၄၀ ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရှိရပါတယ်။

အဆိုပါ အယောက် ၄၀ ဟာ ၅ နှစ်အောက် ကလေးငယ်တွေသာ ဖြစ်ပြီး လူကြီး၊ လူငယ်တွေလည်း ဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေး ဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

“တလအတွင်း ဝမ်းလျှောဝမ်းပျက် ဒီ ၅ နှစ်အောက် ကလေးတွေကိုမှ အယောက် ၄၀ ၊ ဒါတောင်မှ ၅ နှစ်အထက် မပါသေးဘူးပေါ့နော်။ လူကြီးတွေပါမယ်ဆိုရင် တလကို ၁၀၀ နီးပါးလောက်ရှိမယ်” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်း က ပြောပါတယ်။

ရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောအပြင် အရေပြား ယားယံမှုလည်း ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရေကို ဝယ်ယူသုံးစွဲနေရတဲ့အတွက် နေ့စဉ် ချွေတာသုံးစွဲနေရတယ်လို့လည်း အဆိုပါ ကျန်းမာရေး ဝန်ထမ်းတဦးက အခုလို ဆက်ပြောပါတယ်။

“မနက်ဆို ရက်တိုင်း မျက်နှာသစ်၊ ခြေလက်ဆေး အဲ့လောက်ပဲလုပ်လို့ ရတယ်။ ရေချိုးလို့ မရဘူး။ ရေချိုးဖို့အတွက် တပတ်၂ ခါ၊ ဗုဒ္ဓဟူးနဲ့ စနေ ပန်ပက်နားမှာ သွားချိုးတယ်။ လူအရမ်းများတော့ အရမ်းကုန်တယ်။ ထမင်းဟင်းချက်ဖို့၊ ဆေးဖို့ အိမ်သာရေအတွက်လည်း လိုသေးတယ်” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲကြောင့် စစ်ရှောင်တွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။ ရေရှားပါးမှုရဲ့ ဖြစ်လာတဲ့အကျိုးဆက်ကြောင့် နေ့စဉ် လူနာတွေ များပြားလာပြီး ဆေးဝါးမလုံလောက်တဲ့အပြင် နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုးရောဂါအတွက်လည်း ဆေးလုံလောက်မှု မရှိဘူးလို့ ကျန်းမာရေးဝန်းထမ်းတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ