ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးကနေ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြတယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။
ရပ်ကွက်ရုံးတွေမှာ ပါတီဝင်တွေကနေ ဆန် ၊ ဆီ ပေးပြီး စည်းရုံးရေးဆင်းတာ ၊ လမ်းဆုံလမ်းခွ တွေမှာ ဆိုင်းဘုတ်ထောင်တာ ၊ ရွေးကောက်ပွဲ လက်ကမ်းစာစောင်ဝေတာ ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကနေ ကယားပြည်နယ်လွှတ်တော် (PR) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းဆရာ (ငြိမ်း) ဖြစ်သလို မင်းစုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်တဲ့ ဦးခင်မောင်ဝင်းက လူထုတချို့နဲ့ တွေ့ပြီး မဲဆွယ်စည်းရုံးတာ ၊ ပါတီ ဆိုင်းဘုတ်ထောင်တဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ TikTok ( တစ်တော့ ) မှာ မျှဝေထားပါတယ်။
လွိုင်ကော်မြို့ခံအများစုကတော့ မြို့တွင်းဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို TikTok မှာသာ ဝေမျှလေ့ ရှိတော့တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
“ ဖေ့ဘွတ်ခ် ကျ VPN ခံရတာလည်းရှုပ်တယ် အစစ်ဆေးတွေလည်းရှိတော့ အဲ့ဒါကြောင့်မလို့ထင်တယ် တစ်တော့ပဲ သုံးကြတော့တယ်။” လို့ သူက ပြောပါတယ်။
နိုဝင်ဘာလ ဒုတိပတ်ကစပြီး လွိုင်ကော်မြို့တွင်းမှာ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေက ရုပ်ထွက်ပြပြီး မဲဆွယ်စည်းရုံးတာကို လုပ်ဆောင်နေပေမယ့် ပြည်သူလူထုတွေဟာ စိတ်ဝင်စားမှုမရှိကြဘူးလို့လည်း အဆိုပါ မြို့ခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
လွိုင်ကော်မြို့နယ်ရဲ့ မဲဆန္ဒနယ်အသီးသီးမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ရေးပါတီ (USDP) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နဲ့ ပြည်နယ်အခြေစိုက် ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) ကနေ ယှဉ်ပြိုင်သွားမှာပါ။
စစ်ကော်မရှင်ရဲ့ ကာလုံဗဟိုအကြံပေးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးစောဒယ်နီယယ်က KySPP ရဲ့ လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော်(FPTP) နေရာ ၊ ဦးပိုးရယ်အောင်သိန်းက USDP ပါတီရဲ့ ပြည်နယ်ဥက္ကဌဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ပြည်နယ်လွှတ်တော် PR စနစ်မှာ ရွေးကောက်ခံ ဖို့ ရှိနေပါတယ်။
စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့ကတော့ ရွေးကောက်ပွဲမှာ မဲထည့်နိုင်ရေးအတွက် ဒေသတွင်း တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ကနေ တိမ်းရှောင်သွားကြတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်လာဖို့ ပြောဆိုတာ ၊ အထင်ကရနေရာတွေကို စည်ကားအောင် ပြင်ဆင်တာ ၊ အနုပညာရှင်၊ တေးသံရှင်တွေနဲ့ လွိုင်ကော်မြို့မှာ လာရောက်ဖျော်ဖြေခိုင်းတာ၊ လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်တာ၊ အဝေးပြေးယာဉ်လိုင်းကို ပုံမှန်ပြေးဆွဲတာကို ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲကို ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေက ဆန့်ကျင်ကန့်ကွက်ကြောင်း အသီးသီး သဘောထားထုတ်ပြန်ထားကြပါတယ်။ လက်ရှိမှာလည်း စစ်ကော်မရှင် ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆို ၊ ဘောလခဲ မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲအတွက် ကရင်နီပြည်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၄ ခု နဲ့ တစ်သီးပုဂ္ဂလအပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း (၈၇) ဦး ရှိပါတယ်။




