ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အသက် ၁၅ နှစ်အောက်ကလေးများ ရာသီတုတ်ကွေးနဲ့ အရေပြားယားယံမှု ဖြစ်ပွားနေကြပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းနှစ်ခုမှာ အသက် ၁၅ နှစ်အောက် ကလေးငယ် အယောက် ၂၀၀ ဝန်းကျင်ရှိပြီး ၄၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနေကြတယ်လို့ ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။
“အခု တော်တော်ဖြစ်ကြတာက ချမ်းတုန်၊ ကိုက်ခဲတာမျိုးပေါ့။ ရာသီတုပ်ကွေးပဲ ပြောရမှာပေါ့။ တော်တော်တော့ ဖြစ်တယ်။ သွေးစစ်တော့လည်း ငှက်ဖျားမဟုတ်ဘူး ဖြစ်နေတယ်။ အယောက် ၈၀ လောက်ဖြစ်တာ။ ၄၀ ရာခိုင်နှုန်းလောက်ပေါ့” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။
ယခုလ အစပိုင်းမှာ ဖျားနာတာတွေ စတင်ဖြစ်ပွားနေကြပြီး စစ်ရှောင်တချို့မှာ မိသားစုလိုက် ဖျားနာနေကြတယ်လို့ ဆိုပါတယ်။ အဆိုပါ စစ်ရှောင်စခန်းနှစ်ခုမှာတော့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိသလို လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူရတာလည်း အခက်အခဲဖြစ်နေကြတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရာသီတုတ်ကွေးအပြင် တကိုယ်လုံး အရေပြားယားနာတွေလည်း ဖြစ်ပွားနေကြတယ်လို့ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆက်ပြောပါတယ်။
“ကလေးတွေလေ အပျိုအရွယ်ပေါ့။ ယားနာ ဖြစ်တာက တော်တော်များတယ်။ ဘယ်လောက် ပြောရမလဲတောင် မသိဘူး။ တော်တော်ကို များတာ။ ဖြစ်တာလဲနော် တကိုယ်လုံးပဲ။” လို့ အဆိုပါ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကရင်နီ နယ်လှည့်အဖွဲ့နဲ့ ဒေသဖွံ့ဖြိုးရေး ကျန်းမာရေးအဖွဲ့တွေက လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လှမ်းမီနိုင်သလောက် (mobile health care) ဆေးကုသမှုအပြင် ကျန်းမာရေးပညာပေးလည်း ဆောင်ရွက်ပေးခဲ့ပြီး ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။




