spot_img
19.3 C
Loikaw
Friday 21, November 2025
spot_img
Homeသတင်းလွိုင်ကော်မြို့မှာ ကျင်းပတဲ့ ကယန်းနှစ်သစ်ကူးအခမ်းအနားမှာ တေးသံရှင် ထူးအယ်လင်း လာရောက်ဖျော်ဖြေ

လွိုင်ကော်မြို့မှာ ကျင်းပတဲ့ ကယန်းနှစ်သစ်ကူးအခမ်းအနားမှာ တေးသံရှင် ထူးအယ်လင်း လာရောက်ဖျော်ဖြေ

-

ကန္တာရဝတီတိုင်း ( မ် )

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၂၇၆၅ နှစ်ပြည့် ကယန်းနှစ်သစ်ကူးနေ့ ကို စစ်ကော်မရှင် ထိန်းချုပ်တဲ့ လွိုင်ကော်မြို့မှာ အခမ်းအနားနဲ့ ပြုလုပ်ကျင်းပခဲ့ပြီး ညပိုင်းအစီအစဉ်မှာတော့ တေးသံရှင် ထူးအယ်လင်း လာရောက်ဖျော်ဖြေခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

အခမ်းအနားကို စစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့ဝင်တွေ နဲ့ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ကြီးမှူးကျင်းပတာဖြစ်တယ်လို့ ပွဲဖိတ်ကြား ဖိတ်စာမှာ တွေ့ရှိရပြီး အခမ်းအနားကို လွိုင်ကော်မြို့ ကျောက်သားရင်ပြင်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့တာပါ။

ပထမပိုင်း အစီအစဉ်အနေနဲ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်တာ ၊ အမှာစကားပြောကြားတာ ၊ သဝဏ်လွှာဖတ်ကြားတာ ၊ ကယန်းဘုံအက ကကြတာ နဲ့ ညပိုင်းအစီအစဉ်မှာတော့ ရိုးရာအက ၊ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကျနော့်အမြင်တော့ စကမ (စစ်ကော်မရှင် ) က အလုပ်အစွမ်းကုန်လုပ်နေတယ်ဆိုတာ ပြချင်ပုံရတယ်။ လွိုင်ကော်ကသူတွေကို အဆင်ပြေအောင်ထားတယ် ဆိုတာမျိုးပေါ့။ အခုက ဘဏ်တွေလည်း ဖွင့်နေပြီ ပုံမှန်လည်ပတ်နေတယ်ဆိုတာ ပြချင်တာပေါ့။ ကယန်းနှစ်သစ်ကူးဆိုတာကလည်း ခေတ်ကောင်းတုန်းတောင်မှ ဒီလိုမျိုး အဆိုတော်တွေဖိတ်ပြီး၊ အခမ်းအနားတွေကို ဦးဆောင်ပြီး လုပ်တာမျိုး မရှိဘူးလို့ထင်တာပဲ။ အခုကျ တိုင်းရင်းသားတွေအပေါ် သဘောထားကြီးတယ်ဆိုတဲ့ ပုံမျိုး ပြချင်နေတာ။” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင် ထိန်းချုပ်တဲ့ လွိုင်ကော်မြို့မှာတော့ တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်နေ့ပွဲတော်တွေ၊ တန်ဆောင်တိုင်ပွဲတွေမှာ စစ်ကော်မရှင်ကို ထောက်ခံတဲ့ အနုပညာရှင်တွေ ၊ တေးသံရှင်တွေကို ဖိတ်ခေါ်ပြီး ဖျော်ဖြေတင်ဆက်မှုတွေကို လုပ်ဆောင်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။

လွိုင်ကော်မြို့တွင်းက အထင်ကရ နေရာတွေ ၊ ဈေးတွေ ၊ ဘဏ် ကို ဖွင့်လှစ်လည်ပတ်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က ပြောဆိုထားပေမယ့် လွတ်လပ်စွာသွားလာ နေထိုင်ခွင့်မရှိဘဲ ကြောက်လန့်နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ