spot_img
16.8 C
Loikaw
Monday 24, November 2025
spot_img
Homeသတင်းအမျိုးသမီးတစ်ဦးကို ရိုက်နက် ခြိမ်းခြောက်တဲ့ နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို အရေးယူပေးရန် တိုင်ကြားထား

အမျိုးသမီးတစ်ဦးကို ရိုက်နက် ခြိမ်းခြောက်တဲ့ နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို အရေးယူပေးရန် တိုင်ကြားထား

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အခြေစိုက်ထားတဲ့ နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်ဖြစ်တဲ့ ဗိုလ်ဓူဝံကို အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုတွေကြောင့် အရေးယူပေးဖို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးက ပြီးတဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကတိုင်ကြားခဲ့တယ်လို့ ကျူးလွန်ခံရသူအမျိုးသမီးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီပြည်ရဲတပ်ဖွဲ့ KSP၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၊ ကရင်နီ တပ်ပေါင်းစု စစ်ဦးစီးအဖွဲ့၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတ၊ အပြင် အမျိုးသမီးလှုပ်ရှားတဲ့ အဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး၊ IECရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဌာနကို တိုင်ကြားစာပေးပို့ထားတာပါ။

“မိန်းကလေးတွေအတွက် ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူးလား။ ငါတို့က ရဲဘော်ဖြစ်တယ်၊ ငါတို့လက်နက်အားကိုးရှိတယ်။ ဒီလိုမျိုးစော်ကားချင်သလိုစော်ကားလို့ ရတယ်ဆိုတာမျိုးက ပုံသေတစ်ခုဖြစ်နေလား။ အစ်မအများကြီးစဉ်းစားတယ်။ အစ်မက တိုင်ချက်ဖွင့်မယ်။ အစ်မက အဆုံးထိသွားဖို့စဉ်းစားထားတယ်။ အစ်မညှိနှိုင်းတာမလိုချင်ဘူး။ အစ်မဆေးဖိုးလည်းမလိုဘူး။” လို့ ကျူးလွန်ခံရသူ မသန္တာအောင်ကပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်ခံရသူ မသန္တာအောင်ဟာ ကျူးလွန်သူ ဗိုလ်ဓူဝံ အမျိုးသမီးနဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။

ဖြစ်စဉ်အတွင်း ဗိုလ်ဓူဝံနဲ့ ဇနီးဖြစ်သူဟာ စကားများရန်ဖြစ်နေစဉ်မှာ မသန္တာအောင်က ဘေးမှာရှိနေပြီး ရိုက်နက်ခံခဲ့ရတာဖြစ်ပါတယ်။

“အဲ့ဒီရန်ဖြစ်ရတဲ့ အကြောင်းကိုလဲ အမက မသိဘူး။ ကတုတ်ကျင်းပေါ်ကို တက်လာတဲ့ အချိန်မှာ သူ့လက်မှာက M4 သေနတ်နှစ်လက် အရှည်ကိုင်လာတယ်။ ညာဖက်လက်မှာက ပစ်စတိုတစ်လက်ပါတယ်။ ကိုယ်ကစဥ်းစားနေတဲ့ အချိန်မှာပဲ သူက သူ‌သေနတ်တွေကို ပစ်ချလိုက်ပြီးတော့ “ဖုန်း”ဆို အမဖက်ကို လှည့်ပြီး လည်ပင်းညစ်ပြီးတော့ အမကို နရင်းအုပ်လိုက်တာ။ ရိုက်လိုက်တဲ့ အတွက် အမရဲ့ ဘယ်ဖက်မျက်စိဘေးထောင့်မှာ သွေးကျည်ဥသွားတယ်။ ပြီး မျက်လုံး ဒီဖက်ခြမ်း (ဘယ်ဖက်)ပါသွားတယ်။ အဲ့လိုလည်ပင်းညစ်ပြီးလို့ သူရိုက်ပြီးတဲ့ အချိန်မှာ သူ့လက် ဘယ်ဖက်လက်လား ညာဖက်လက်လားတော့မသိဘူး အမရဲ့ ဘယ်ဖက်ပခုံးကို နောက်တစ်ချက်ရိုက်မိသွားတယ်ပေါ့။ ပြီးတော့ အမျက်နှာတည့်တည့်ကို ပစ်စတိုနဲ့ ချိန်ပြီးတော့ နင်တို့ကို သတ်ပစ်လို့ရတယ်ဆိုပြီးတော့ အမကို ချိန်းခြောက်သွားတာပေါ့နော်” လို့ ကျူးလွန်ခံရသူ မသန္တာအောင်က ဆိုပါတယ်။

ယခုလို ကိုယ်ထိလက်ရောက်ကျူးလွန်သူဟာ လက်နက်ကိုင်တပ်ဖွဲ့ ဝင် အကြီးအကဲ တစ်ယောက်ဖြစ်တာကြောင့် သူမအနေနဲ့ စိုးရိမ်မှုတွေရှိသလို ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရတဲ့ အတွက် စိတ်ဒဏ်ရာတွေလဲ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူ တစ်ယောက်အနေနဲ့ ထိုက်သင့်တဲ့ အပြစ်ကို ခံစားစေချင်တယ်လို့ ကျူးလွန်ခံရသူ မသန္တာအောင်က ခုလိုပြောပါတယ်။

“အမကတော့ ရသမျှ ပုဒ်မ အကုန်တပ်မယ်။ ဒါကတော့ အမဖြစ်စေချင်တဲ့ ဆန္ဒပေါ့နော်။ အခုလောလောဆယ်အမတွေးထားတာတောင်မှ ကိုယ်ထိလက်ရောက်ကျူးလွန်မှု နုတ်ဖြင့် စော်ကားခြင်း နောက်ပြီးတော့ အမရဲ့ သိက္ခာကို စော်ကားတာလေ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာကိုစော်ကားတာဖြစ်တယ်။ပြီးရင်လက်နက်နဲ့ ခြိမ်းခြောက်တာဖြစ်တယ်။ဘာပုဒ်မတပ်လို့ရလဲ တော့ အမမသိဘူးပေါ့နော။ရတဲ့ ပုဒ်မတပ်မယ်။ပြီးရင်အဆုံးထိသွားမယ်။ညှိနှိုင်းတာလဲ မလိုဘူး။ဆေးဖိုးလဲ မလိုဘူး။သူနဲ့ ထိုက်တန်တဲ့ အပြစ်ကို အပြည်အဝရစေချင်တယ်။ အမလိုချင်တာဒီတစ်ခုပဲ” လို့ ဆိုပါတယ်။

မသန္တာအောင်ဟာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး လက်ကျိုးနေတာကြောင့် ဗိုလ်ဓူဝံရဲ့ ဇနီး (သူငယ်ချင်း) ဖြစ်သူထံ သွားရောက်နေထိုင်ခဲ့စဉ် ကျူးလွန်ခံရတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ