spot_img
27.4 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းနယ်စပ်ဒုက္ခသည်တွေ တရားဝင်အလုပ်လုပ်ခွင့်ရပေမယ့် လုပ်ငန်းခွင်အဆင်မပြေမှုတွေကြောင့် စခန်းထဲပြန်လာသူတွေရှိနေ

နယ်စပ်ဒုက္ခသည်တွေ တရားဝင်အလုပ်လုပ်ခွင့်ရပေမယ့် လုပ်ငန်းခွင်အဆင်မပြေမှုတွေကြောင့် စခန်းထဲပြန်လာသူတွေရှိနေ

-

ကန္တာရဝတီတိုင်း (မ်)

ထိုင်းအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပေးတဲ့နောက် ထိုင်း-ကရင်နီ နယ်စပ် ဒုက္ခသည်စခန်း ၂ ခုက လုပ်ငန်းခွင်သွားရောက်သူတွေထဲက ဒုက္ခသည်တချို့ဟာ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုကြောင့် ပြန်လာကြသူတွေရှိနေတယ်လို့ ကရင်နီအမှတ် (၁) ဒုက္ခသည် စခန်းဥက္ကဌက ပြောပါတယ်။

လက်ရှိမှာ အမှတ် (၁) ဒုက္ခသည်စခန်းက လုပ်သား အယောက် ၆၀ ကျော် က အလုပ်ထွက်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။

“အဆင် မပြေဘူးဆိုတာက သူတို့လာချပြတဲ့ လုပ်ငန်းရှင်တွေ သူတို့ စစလာပြတဲ့အချိန်ဆိုရင် နေရာအထိုင်အခင်းက free ပဲပေါ့နော။ ဒါပေမဲ့ တကယ့်တကယ် သူတို့ ဟိုဖက်မှာရောက်တဲ့အချိန် နေရာအထိုင်အခင်းအတွက်က ပြန်ပေးရမယ် အဲလိုပြောတော့ အဆင်မပြေဘူးပေါ့နော။ ‌နောက်တစ်ခုကျတော့ အလုပ်ခိုင်းတဲ့အခါဆိုလို့ရှိရင် အားလပ်ချိန်က သိပ်နည်းတယ်” လို့ အမှတ် (၁) ဒုက္ခသည်စခန်း ဥက္ကဌ မော်မိုးဘူးက ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်မှာ အဆင်မပြေလို့ စခန်းအတွင်းပြန်လာနေထိုင်သူ လုပ်သား ဦးရေ ၅ ဦးအထိရှိနေပြီလို့လည်း မော်မိုးဘူး ကပြောပါတယ်။

ဒုက္ခသည်စခန်းက ထွက်လာတဲ့ လုပ်သားတွေကို တနေ့ လုပ်အားခ ဘတ် ၃၅၀ ပေးပေမယ့် အဲဒီထဲကနေ နေစရိတ်ကိုပြန်ပေးရတဲ့အပြင် လုပ်ငန်းခွင်က မနက် ၇ နာရီ ၄၅ မိနစ် ကနေ ညနေ ၅ နာရီ ခွဲအထိ အလုပ်လုပ်ကြရတယ်လို့လည်းပြောပါတယ်။

ကရင်နီအမှတ် (၂) ဒုက္ခသည်စခန်းမှာတော့ ဒုက္ခသည်လူထုတွေဟာ အလုပ်လုပ်ဖို့ စိတ်မဝင်စားကြတာကြောင့် ကုမ္ပဏီလာခေါ်တဲ့အချိန်ကစလို့ ရက်ပေါင်း ၂၀ ကျော်အတွင်း အလုပ်လုပ်ကိုင်ဖို့ စာရင်းသွင်းသူ နှစ်ဦးပဲ ရှိနေပြီး လုပ်ငန်းခွင်ကို မဝင်ကြသေးဘူးလို့ စခန်း ဥက္ကဌ စောထိုလွီးဝါး ကပြောပါတယ်။

“သူတို့က အဝေးကြီးသွားဖို့ကျ သိပ်မသွားလိုဘူးပေါ့နော။ နောက်တစ်ခုကျ သူတို့က သွားပြီးသားလူတွေ ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်တဲ့ အခက်အခဲ အမျိုးမျိုးကြောင့်ဆိုပြီးတော့ သူတို့ နဲနဲလေး နားထောင်နေသေးတယ်ပေါ့နော” လို့ စောထိုလွီးဝါးက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းမှာလည်း ထိုင်းကုမ္ပဏီတွေ ရဲ့အလုပ်ခေါ်ယူမှုအပေါ်ကို စိတ်ဝင်စားနေသူနည်းပါးနေပြီး အလုပ်သွားရောက်လုပ်ကိုင်တဲ့ နယ်စပ်ဒုက္ခသည် လုပ်သား တချို့ပြန်လာကြတယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

လက်ရှိအနေအထားအရ မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ ကရင်နီအမှတ် ( ၁) နဲ့ အမှတ် (၂) ဒုက္ခသည်စခန်းမှာ အလုပ်လုပ်နိုင်တဲ့ လုပ်သား ၅၀၀ နီးပါးရှိတဲ့ အနက် လုပ်သား ၆၀ ကျော်သာ လုပ်ငန်းခွင် ဝင်နေကြတာဖြစ်ပါတယ်။

ထိုင်း ကုမ္ပဏီတွေဖက်က စိုက်ပျိုးရေး နဲ့ ဆောက်လုပ်ရေးအတွက် အဓိက လုပ်သားခေါ်ယူနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ