ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်က စစ်ကော်မရှင် ထိန်းချုပ်ဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ လိုတယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ရဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ တာ၀န်ခံတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူထုတွေကို ကျမတို့ကတော့ သွားပေးချင်တယ်။ သို့သော် လုံခြုံရေးအရ သွားလို့မရဘူး။ ဒါပေမဲ့ ဘယ်လို နည်းလမ်းနဲ့ သွားလို့ရလဲ ဆိုရင် ဥပမာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာမဟုတ်တဲ့ တချို့နေရာတွေမှာ သွားပြီး ဝေမျှတယ်။ ဘာလို့ အဲ့လိုမျိုးဝေမျှတာလဲ ဆိုရင် အဓိက စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ ပြန်မရောက်သွားဖို့လိုတယ်။ ပြီးတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေ ပြန်ရောက်သွားရင် ဘာမှ လုပ်လို့မရတော့ဘူးပေါ့နော်။” လို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ တာ၀န်ခံတစ်ဦး ကဆိုပါတယ်။
ကရင်နီပြည်လူငယ်များသမဂ္ဂ UKSY အနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်တဲ့ လှုပ်ရှားမှု ကမ်ပိန်းတွေကို သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အဲဒီလို အသိပညာပေးဆောင်ရွက်မှုတွေမှာလည်း ပြည်သူတွေကို နေရပ်မပြန်ဖို့ အတင်းအကြပ် ဖိအားပေးတာမျိုးမဟုတ်ပဲ ရွေးကောက်ပွဲအခြေအနေ ၊ အကျိုးသက်ရောက်မှုတွေကို အဓိကထား မျှဝေပေးဖြစ်တာလို့ ဆိုပါတယ်။
အထူးသဖြင့် ဖယ်ခုံမြို့နယ်ဟာ လက်ရှိမှာ စစ်ကော်မရှင် ထိန်းချုပ်နယ်မြေ ဖြစ်တဲ့အလျောက် လူထုတွေဟာ ကျေးရွာအပြင်ဖက်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြပါတယ်။
အခုလို စစ်ရေးကာလမှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း လုံခြုံရေး အခက်ခဲ စိန်ခေါ်မှုတွေလည်း ရှိတယ်လို့ UKSY ရဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ တာ၀န်ခံတစ်ဦးက အခုလို ဖြည့်စွက်ပြောဆိုထားပါတယ်။
“စိန်ခေါ်မှုလို့ပြောရင်တော့ ရှိတယ်။ ကျမတို့ ဖက်ကို ကြည့်မယ်ဆိုလည်း ဒီနောက်ပိုင်း စစ်မြေပြင် ကျယ်ပြန့်လာတဲ့ အပေါ်မှာ ခရီးသွားလာရေးကိစ္စတွေကလည်း လုံခြုံရေး အခက်ခဲရှိတယ်။” လို့ သူကဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ထိန်းချုပ်နယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ ဖယ်ခုံမြို့နယ်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မြေပြင်တစ်နေရာမှာ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့ကနေ ဦးဆောင်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့တာရှိပါတယ်။
UKSY ကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖယ်ခုံမြို့နယ်အပြင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူထုတွေ့ဆုံပွဲတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




