ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသားတွေထဲမှာ လွိုင်ကော်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတဦး ပါဝင်လာတယ်လို့ ကရင်နီ နိုင်ငံရေး အကျဥ်းသားများအစည်းအရုံး ( KPPA) က ပြောပါတယ်။
“လုံခြုံရေးအရနဲ့ အတည်ပြုနိုင်ဖို့ခက်၊ အချိန်ယူလိုက်ရတယ်။ ၇ လပိုင်းမှာ အမိန့်ကျတယ်။ ၁၁ လပိုင်းမှာ ပြန်လွတ်လာတာပေါ့ဗျာ” လို့ KPPA တာ၀န်ရှိသူတဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၇ရက်နေ့တုန်းက လွတ်ငြိမ်းခွင့်မှာ လွိုင်ကော်အကျဉ်းထောင်ကနေ အဲ့ဒီအကျဥ်းသား ပါမပါဆိုတာကို ကန္တာရဝတီတိုင်း (မ်) ကမေးမြန်းရာမှာတော့ အကျဥ်းသားလွတ်ငြိမ်းမှု ရှိမရှိကို KPPA ကအတည်ပြုနေဆဲ ဖြစ်ပါတယ်။
အတည်ပြုနိုင်ပြီးနောက် လွတ်ငြိမ်းခွင့်မှာပါဝင်တဲ့ အကျဥ်းသားက နိုဝင်ဘာ ၂၇ ရက်နေ့မှာ လွတ်မြောက်ခဲ့တာကို KPPA က အတည်ပြုပါတယ်။
စစ်ကော်မရှင်ရဲ့လွတ်ငြိမ်းခွင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုပြန်ကြားရေးဌာနမှ ဦးကြည်တိုးနဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ အမျိုးသားလည်း လွတ်မြောက်လာခဲ့ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ လွတ်ငြိမ်းခွင့်ပေးပေမယ့် နိုင်ငံတစ်ဝှမ်းမှာ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော် ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဗဟို ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ကို ပြောကြားထားပါတယ်။
စစ်ကော်မရှင်က လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် အကျဥ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ် ကျခံရသူ ၇၂၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ ၂၃၆၁ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။




