ကန္တာရဝတိုင်း (မ်)
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စစ်ကော်မရှင် ပြုလုပ်မယ့် လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးလို့ရမှာဖြစ်ပြီး ဘန်ကောက်မြို့မှာ ရှိတဲ့ မြန်မာသံရုံးမှာ မဲရုံဖွင့်လှစ်ပေးသွားမယ်လို့ ဘန်ကောက်မြို့အခြေစိုက် မြန်မာသံရုံးက ဒီကနေ့ (ဒီဇင်ဘာ ၁ ရက်) မှာ ကြေညာပါတယ်။
ကြိုတင်မဲကို ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ နှစ်ရက်မှာ ပေးနိုင်မှာဖြစ်ပြီး နံနက် ၉ နာရီကနေ ည ၄ နာရီ အထိ မဲပေးနိုင်တယ်လို့ ပြောပါတယ်။ ကြိုတင်မဲလာပေးရာမှာလည်း နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူ နဲ့ နိုင်ငံကူးလက်မှတ်မူရင်း ယူဆောင်လာဖို့လိုတယ်လို့လည်း ပြောပါတယ်။
စစ်ကော်မရှင် ကောက်ခံတဲ့ ကြိုတင်မဲပေးဖို့နဲ့စပ်လျဥ်းပြီး ဆန္ဒမဲပေးမှာမဟုတ်ဘူးလို့ ဘန်ကောက်မြို့ရောက် ကရင်နီရွေ့ပြောင်းအလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
“ရွေးကောက်ပွဲက စိတ်မဝင်စားဘူး။ အရင်ကလိုမျိုးလုပ်ပေးမယ်ဆို မဲ တပြားတော့ ထည့်ရမယ်လေ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလိုပေါ့။ ကိုယ်ကြိုက်တဲ့ ပါတီ ရှိလို့လေး။ အခုတော့ ကိုယ်ကြိုက်တဲ့ ပါတီမပါနိုင်တော့ ကိုယ်လဲ ပါချင်စိတ်မရှိတော့ဘူး။” လို့ သူက ပြောပါတယ်။
မြန်မာသံရုံးရဲ့ ကြေညာစာအရ ကြိုတင်မဲပေးဖို့ ပုံစံ-၁၅ ကို အောက်တိုဘာ ၁၅ ရက်မှာ ပေးပို့ခဲ့သူရှိတယ်လို့ ပြောပေမယ့် လူဦးရေစာရင်း အတိအကျတော့ မသိရပါဘူး။
ယခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ထိုင်းနိုင်ငံထဲကို မြန်မာရွေ့ပြောင်းလုပ်သား ခန့်မှန်းခြေ ခြောက်သန်းကျော် ဝင်ရောက်လာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။




