ကန္တာရဝတီတိုင်း ( မ် )
လွိုင်ကော်မြို့မှာ တိုက်ပွဲတွေကြောင့် နေအိမ်ပျက်စီးသွားတဲ့ ပြည်သူတွေအတွက် စစ်ကော်မရှင်က တန်ဖိုးသင့်အိမ်ရာဆောက်လုပ်ပေးနေပြီး အဲ့ဒီအတွက် နေအိမ်အမှန်တကယ်ပျက်စီးသွားတဲ့ ဒေသခံတွေက မဲနှိုက်ယူရတယ်လို့ သိရပါတယ်။
“ရပ်ကွက်ထဲက ပျက်သွားတဲ့ အိမ်ကိုမှ လိုချင်တဲ့အဖွဲ့တွေက မဲနှိုက်ပေါ့ မီးလောင်သွားတဲ့အိမ်တွေ မဲနှိုက်ရတာ။ ကုမ္ပဏီတွေကို တင်ဒါခွဲပေးတယ် အဲ့လိုသိထားတယ်။ အဲ့ဒီကုမ္ပဏီတွေကနေဆောက်လုပ်ရေးသမားတွေကို ပြန်ခွဲပေးတယ်။” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်က တိုက်ပွဲတွေကြောင့် နေအိမ်ပျက်စီးသွားတဲ့ ပြည်သူ နဲ့ ဝန်ထမ်းတွေအတွက် တန်ဖိုးသင့်အိမ်ရာ အလုံး (၅၀) ကို ဆောက်လုပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ တန်ဖိုးသင့်အိမ်ရာကို မြေနီကုန်းမြို့ဦး နဲ့ နောင်ယား ( က ) ရပ်ကွက်တွေမှာ တစ်ပြိုင်တည်း ဆောက်လုပ်နေပြီလို့ ပြောပါတယ်။
၂၀၂၃ခုနှစ်က လွိုင်ကော်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးအတွင်း မြို့ပေါ်ရပ်ကွက် နေအိမ်အများစုက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တွေကြောင့် မီးလောင်ပျက်စီးခဲ့သလို စစ်ကော်မရှင်တပ်ရဲ့ရှို့မီးကြောင့် နေအိမ်ပျက်စီးမှုလည်း ရှိခဲ့တာပါ။
လက်ရှိဆောက်လုပ်နေတဲ့ တန်ဖိုးသင့်အိမ်ရာတစ်လုံးဟာ အိမ်အကျယ် ၁၈ ၊ ၂၈ ပေပတ်လည်ဖြစ်ပြီး အိမ်တလုံးတန်ဖိုး သိန်း ၃၀၀ ကျော်ရှိနိုင်တယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပါတယ်။
“ အိမ်အကျယ်က ၁၈ ၊ ၂၈ ပတ်လည်။ ကုန်ကျစရိတ်က သိန်းတစ်ထောင်ပေါ့ သုံးလုံးပေါင်း။ ပျမ်းမျှတစ်လုံးကို သိန်း ၃၀၀ ကျော်လောက်ပေါ့။ ဒေါဥခူက ရတဲ့အရေအတွက်က ပိုများတယ်ပြောတယ် ဒါပေမယ့် အလုံးရေတော့ မသိဘူး။ နေရာတွေကတော့ တစ်ပြိုင်တည်းဆောက်မယ်။”လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် နေအိမ်မီးလောင် ပျက်စီးသွားတဲ့ နောင်ယား ( က ) ၊ ( ခ ) ၊ ဒေါဥခူ ၊ ဓမ္မာရုံ ၊ မင်းစု ၊ နမ့်ကွတ် ၊ နာနတ်တော ၊ ထေးသမ နဲ့ မြေနီကုန်းမြို့ဦးက ပြည်သူတွေ ၊ ဝန်ထမ်းတွေအတွက် ပထမအဆင့်အနေနဲ့ တန်ဖိုးသင့်အိမ်ရာအလုံး ( ၅၀ ) ကို ဆောက်လုပ်နေတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်




